ဒရုန်းများသုံးပြီး မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် လူနှစ်ဦးကို မလေးရှားမှာ ဖမ်းမိခဲ့ပါတယ်။
Ko John

ဂျိုဟာဘာရူးမြို့နဲ့ စင်ကာပူနိုင်ငံကြား မူးယစ်ဆေးဝါးတွေကို ဒရုန်းများသုံးပြီး သယ်ဆောင်မှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် လူနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ဇွန် ၂၄ ရက်မှာ ပြောပါတယ်။

(Photo: CNB)

"Boy Setan" လို့လည်း သိထားကြတဲ့ အသက် ၄၀ နှစ်အရွယ် စင်ကာပူနိုင်ငံသား Mohamad Azli Ahmad ကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားအာဏာပိုင်တွေက အင်္ဂါနေ့ (ဇွန် ၂၃ ရက်) မှာ ကြေညာခဲ့ပြီးနောက် ယခု နောက်ထပ် လူနှစ်ဦးကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဂျိုဟာရဲတပ်ဖွဲ့ အကြီးအကဲ Ayob Khan Mydin Pitchay ရဲ့ အဆိုအရ Mohamad Azli Ahmad ကို အသက် ၂၃ နှစ်အရွယ် မလေးရှားအမျိုးသမီးနဲ့အတူ ဇွန် ၂၄ ရက်နေ့က Taman Mount Austin လူနေရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ထို့အတူ ကြံရာပါဖြစ်သူ အသက် ၄၁ နှစ်အရွယ် စင်ကာပူအမျိုးသားတစ်ဦးကိုလည်း ဂျိုဟာဘာရူးမြို့ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ ဖမ်းဆီးခဲ့ပါတယ်။ Mohamad Azli Ahmad နဲ့ ၎င်းရဲ့ ကြံရာပါ အမျိုးသားတို့ဟာ စင်ကာပူရဲတပ်ဖွဲ့ (Singapore Police Force - SPF) က မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ပြစ်မှုများအတွက် အလိုရှိနေသူတွေ ဖြစ်တယ်လို့ ဂျိုဟာရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

(Photo: Bernama)

မလေးရှားရဲတပ်ဖွဲ့က စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၀၅ ဒေါ်လာ (မြန်မာကျပ်ငွေ ၈၅၀,၀၀၀ နီးပါး) တန်ဖိုးရှိ Ecstasy ဆေးပြား အလုံး ၃၀၊ ICE ၁၃.၅ ဂရမ်နဲ့ ဘိန်းဖြူ ၂.၄ ဂရမ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မလေးရှားနဲ့ စင်ကာပူ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးပမာဏဟာ အလွန် များပြားခဲ့ခြင်းမရှိဘဲ နောက်ထပ် ရှာဖွေဖမ်းဆီးမှုတွေ ရှိလာနိုင်ကြောင်းလည်း Ayob Khan Mydin Pitchay က ပြောခဲ့ပါတယ်။ မလေးရှားမှာ ဖမ်းဆီးရမိခဲ့တဲ့ သုံးဦးလုံးကို ၁၄ ရက် ချုပ်မိန့် (ရမန်) ယူပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

"မလေးရှားမှာ ပြစ်မှုကျူးလွန်ခဲ့တာဆိုတော့ သူတို့ကို ပထမဆုံး ဒီမှာ စွဲချက်တင်ပါမယ်၊ စင်ကာပူကို ပြန်မပို့ခင် သူတို့က မလေးရှားဥပဒေအရ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်" လို့ ဂျိုဟာရဲတပ်ဖွဲ့ အကြီးအကဲက ရှင်းပြပါတယ်။ စင်ကာပူနိုင်ငံ Kranji Reservoir ပန်းခြံမှာ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ ဒရုန်းတစ်ခုကို အာဏာပိုင်တွေက သိမ်းဆည်းရမိပြီးနောက် ရဲတပ်ဖွဲ့ (SPF) နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗဟိုဌာန (Central Narcotics Bureau - CNB) တို့က စင်ကာပူနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြီးခဲ့တဲ့ စနေနေ့ (ဇွန် ၂၀ ရက်) မှာ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

(Map: Google)

ယခု မလေးရှားမှာ နောက်ထ် ဖမ်းဆီးရမိသူတွေဟာလည်း ထိုအမှုကိစ္စနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။ စင်ကာပူရဲတပ်ဖွဲ့က ပုံမှန်မဟုတ်တဲ့ လူလိုက်ပါခြင်းမရှိတဲ့ ယာဥ်ပျံသန်းမှုကို Kranji Reservoir ပန်းခြံအနီး ဇွန် ၁၇ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာ ထောက်လှမ်းတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ထို့နောက် Woodlands Police Division မှ အရာရှိတွေက သွားရောက်စစ်ဆေးခဲ့ကြပြီး အိတ်တစ်လုံး တွဲလျက်ပါရှိနေ ဒရုန်းတစ်ခုကို တွေ့ရှိစောင့်ကြည့်ခဲ့ကြပါတယ်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ဒရုန်းကို မောင်းနှင်နေခဲ့တယ်လို့ ယုံကြည်ရတဲ့ အသက် ၂၉ နှစ်နဲ့ ၃၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကို တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒရုန်းနဲ့တွဲလျက်ရှိတဲ့ အိတ်ကို စစ်ဆေးခဲ့ရာ ICE ၂၇၈ ဂရမ်ကို တွေ့ခဲ့ရပါတယ်။ CNB အရာရှိတွေက ဖမ်းဆီးထားတဲ့ အမျိုးသားနှစ်ဦးအနက်မှ တစ်ဦးရဲ့ကားကို ရှာဖွေစစ်ဆေးခဲ့ရာ ICE ၃၅ ဂရမ်၊ ဘိန်းဖြူ ၈ ဂရမ်နဲ့ Ecstasy ၁၉၅ လုံး တွေ့ရှိခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(Photo: CNB)

"ဒီအမျိုးသားနှစ်ယောက်က မလေးရှားကနေ စင်ကာပူကို မူးယစ်ဆေးတွေ ခိုးသွင်းဖို့အတွက် ဒရုန်းကို အသုံးပြုခဲ့ကြတယ်၊ သူတို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ဖုန်းထဲမှာရှိတဲ့ ဒရုန်းပျံသန်းမှု မှတ်တမ်းတွေအရ Kranji ပန်းခြံကနေ မလေးရှားနိုင်ငံ ဂျိုဟာဘာရူးမြို့ကို ပျံသန်သွားတယ်၊ ပြီးတော့ အဲဒီနေ့မှာပဲ ဒရုန်းက ဂျိုဟာဘာရူးကနေ Kranji ကို ပြန်လည် ပျံသန်းလာခဲ့တယ်" လို့ SPF နဲ့ CNB ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။

ထိုအမှုနဲ့ဆက်စပ်ပြီး နောက်ဆက်တွဲ ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ရာ ပြီးခဲ့တဲ့ ကြာသတေးနေ့ (ဇွန် ၁၈ ရက်) မှာ နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူအဖြစ် သံသယရှိရတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို Marne လမ်းရှိ အိမ်ရာတစ်ခုမှာ ဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ် မူးယစ်ဆေးဝါးသုံးစွဲသူအဖြစ် သံသယရှိသူ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ထိုအိမ်ရာအတွင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။



က္က