ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို စွဲချက်အားလုံးအတွက် ပြစ်ဒဏ်ချမှတ်ကြောင်း တရားသူကြီးက ပြောပါတယ်။
Ko John

မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ကို အစိုးရပိုင် 1Malaysia Development Berhad (1MDB) ရန်ပုံငွေအဖွဲ့အစည်းနဲ့ ဆက်နွယ်နေပြီး ရင်းဂစ်ငွေ သန်းနဲချီပါဝင်တဲ့ အဂတိလိုက်စားမှုအတွက် အပြစ်ရှိကြောင်း တရားရုံးတော်က ဆုံးဖြတ်ခဲ့ပြီးနောက် ထောင်ဒဏ် ၁၂ နှစ်နဲ့ ငွေဒဏ် ရင်းဂစ် သန်း ၂၁၀ (အမေရိကန်ဒေါ်လာ ၄၉.၃၈ သန်း) ယနေ့ (ဇူလိုင် ၂၈ ရက်) ချမှတ်လိုက်ပါတယ်။

(မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်) (Photo: AFP

နဂျစ်ကို တရားစွဲဆိုထားတဲ့ ပြစ်မှုများအနက် အာဏာအလွဲသုံးစားပြု၊ ငွေကြေးခဝါချမှုနဲ့ ရာဇဝတ်ပြစ်မှုမြောက်တဲ့ ယုံကြည်မှုဖောက်ဖျက်မှုတို့ ပါဝင်ကြောင်း သိရပါတယ်။ တရားရုံးချုပ်တရားသူကြီး မိုဟမ်မက်နက်ဇ်လန်မိုဟမ်မက်ဂါဇာလီက စီရင်ချက်ကို ဖတ်ကြားခဲ့ရာမှာ "တရားစွဲဆိုမှုဟာ ကျိုးကြောင်းဆီလျော်တဲ့ သံသယတစ်ခုထက်ပိုတဲ့ သက်သေအထောက်အထားရှိတာ တွေ့ခဲ့ရပါတယ်၊ ဒါကြောင့် စွဲချက်တင်ခံရသူဟာ အပြစ်ရှိကြောင်း တွေ့ရှိရပြီး စွဲချက်ခုနစ်ခုလုံးအတွက် ပြစ်ဒဏ်ချမှတ်ပါတယ်" လို့ ပြောခဲ့ပါတယ်။



(ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို ထောက်ခံသူများ) (Photo: Reuters)

၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ နဂျစ်ကို စွဲချက်တင်ထားမှုတွေအနက် 1MDB လက်အောက်ခံ SRC International ထံမှ ရင်းဂစ်ငွေ ၄၂ သန်း (အမေရိကန်ဒေါ်လာ ၉.၈၈ သန်း) ကို ၎င်းရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်များသို့ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်း လွှဲပြောင်းခဲ့မှုလည်း ပါဝင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို ရာဇဝတ်ပြစ်မှုမြောက် ယုံကြည်မှုချိုးဖောက်တဲ ပြစ်မှုသုံးခု၊ ငွေကြေးခဝါချတဲ့ ပြစ်မှုသုံးခုနဲ့ အာဏာအလွဲသုံးစားပြုတဲ့ ပြစ်မှုတစ်ခုတို့ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ နဂျစ်ဟာ အာဏာအလွှဲသုံးစားပြမှုအတွက် ထောင်ဒဏ် ၁၂ နှစ်နဲ့ ငွေဒဏ် ရင်းဂစ် သန်း ၂၁၀ ချမှတ်ခံရတာဖြစ်ပြီး ငွေဒဏ်ပေးဆောင်ပါက ထောင်ဒဏ်ငါးနှစ် ကျခံရမယ်လို့ ဆိုပါတယ်။

(နဂျစ်နဲ့ဆက်နွယ်တဲ့ နေရာများမှ သိမ်းဆည်းခဲ့သည့် လက်ဝတ်ရတနာများ) (Photo: CNA)

ဝန်ကြီးချုပ်ဟောင်းကို ယုံကြည်မှုဖောက်ဖျက်မှု တစ်မှုစီအတွက် ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေကြေးခဝါမှု တစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်လည်း ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ်များအားလုံးကို တစ်ပေါင်းတည်း ကျခံရမှာဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းနဂျစ်က ယခုပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

နဂျစ်ကတော့ ရင်းဂစ် ၄၂ သန်းကိစ္စနဲ့ ပတ်သက်ပြီး တောင်းဆိုခဲ့ခြင်း၊ စီစဥ်ခဲ့ခြင်းမရှိကြောင်း၊ အထောက်အထားနဲ့ မျက်မြင်သက်သေ လုံးဝ မရှိကြောင်းနဲ့ ထိုရင်းဂစ် ၄၂ သန်းကိစ္စကို မသိရှိကြောင်း တရားရုံး ကြားနာစစ်ဆေးမှုအတွင်း ထပ်တလဲလဲ ပြောခဲ့တယ်လို့ CNA သတင်းက ဖော်ပြပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်မှာလည်း အပြစ်မရှိဘူးလို့ ယုံကြည်ကြောင်း နဂျစ်က မီဒီယာနဲ့တွေ့ဆုံစဥ် ပြောခဲ့ပါတယ်။ 

(လက်ရှိဝန်ကြီးချုပ်ယာစင်နှင့် ဒေါက်တာမဟာသီယာ) (Photo: AsiaTimes)

၂၀၁၈ ခုနှစ် ၁၄ ကြိမ်မြောက် မလေးရှား အထွေထွေရွေးကောက်ပွဲမှာ နဂျစ်ဦးဆောင်တဲ့ Barisan Nasional ပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းရဲ့အစိုးရအဖွဲ့ပြုတ်ကျသွားခဲ့ပါတယ်။ ထို့နောက် တစ်ကျော့ပြန် မလေးရှားဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာမဟာသီယာမိုဟာမက်က 1MDB ငွေကြေးအရှုပ်အထွေးကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရန် စီစဥ်လာခဲ့ပါတယ်။ အသက် ၉၄ နှစ်အရွယ် ဒေါက်တာမဟာသီယာကလည်း ဖေဖေါ်ဝါရီလကုန်ပိုင်းမှာ နုတ်ထွက်စာတင်ပြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

လက်ရှိမလေးရှားဝန်ကြီးချုပ်အဖြစ် မူဟီဒင်ယာစင်က တာဝန်ယူထားကြောင်း သိရပါတယ်။ နဂျစ်ကို စီရင်ချက်ချမှုနဲ့ ပတ်သက်ပြီး တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် အားလုံးအနေနဲ့ ဥပဒေစနစ်နဲ့ တရားစီရင်ရေးကို ယုံကြည်မှုရှိကြရန် လက်ရှိဝန်ကြီးချုပ်ယာစင်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က