မွမ်ဘိုင်းမြို့လယ်ရှိ သစ်ပင်တွေကို ရထားလမ်းစီမံကိန်းအတွက် အစိုးရက ခုတ်လှဲရှင်းလင်းခဲ့ပါတယ်။

မွမ်ဘိုင်းမြို့ရှိ သစ်တောဧရိယာတစ်ခုမှာ သစ်ပင်များခုတ်နေမှုကို ရပ်ဆိုင်းထားရန် အိန္ဒိယတရားရုံးချုပ်က အစိုးရတာဝန်ရှိသူတွေကို ပြောကြားလိုက်ပါတယ်။

(Photo: @dhananjay_munde/Twitter)

မွမ်ဘိုင်းမြို့မှာ သစ်ပင်များဖြင့် စိမ်းလန်းနေတဲ့ နေရာတစ်ခုဖြစ်ပြီး Aarey သစ်ပင်အုပ်စုလို့ သိထားကြတဲ့နေရာမှာ အစိုးရက သစ်ပင်များခုတ်နေမှုကို ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေက ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့ပါတယ်။



ထိုအခြေအနေ ဖြစ်လာပြီးနောက် အိန္ဒိယတရားရုံးချုပ်က Aarey ဧရိယာမှာ သစ်ပင်များခုတ်လှဲနေမှုကို ရပ်ဆိုင်းထားရန် အစိုးရတာဝန်ရှိသူတွေကို ပြောခဲ့တာဖြစ်ပါတယ်။ အစိုးရက မြေအောက်ရထားလမ်းစီမံကိန်းသစ်အတွက် Aarey နေရာရှိ သစ်ပင်တွေကို ခုတ်လှဲရှင်းလင်းနေခဲ့ပါတယ်။

(Photo: Getty Images)

မွမ်ဘိုင်းဒေသခံတွေက ထိုသို့ သစ်ပင်များခုတ်နေမှုကို ကာလရှည်ကြာ ကန့်ကွက်နေခဲ့ကြပြီး Aarey နေရာကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတစ်ခုအဖြစ် ကြေညာနိုင်ရန် တရားရုံးသို့ ဦးတိုက်လျှောက်ထား အရေးဆိုခဲ့ကြပါတယ်။

သို့သော် အထက်တရားရုံးက ဦးတိုက်လျှောက်ထားမှုကို ပယ်ချလိုက်ပြီးနောက် အစိုးရတာဝန်ရှိသူတွေက သစ်ပင်များကို စတင်ခုတ်လှဲခဲ့ကြရာ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေက Aarey ဧရိယာရှိ သစ်ပင် ၂,၅၈ ပင်ကို ခုတ်လှဲရန်စီစဉ်ထားပြီး သစ်ပင် ၁,၅၀၀ ကျော်ကို ခုတ်လှဲခဲ့ပြီးဖြစ်ကြောင်း တရားရုံးချုပ်မှာ ထွက်ဆိုခဲ့ပါတယ်။

(Photo: Getty Images)

အစိုးရတာဝန်ရှိသူတွေနဲ့ တရားပြိုင်ဖြစ်တဲ့ ကန့်ကွက်သူတွေကတော့ သစ်ပင် ၂,၅၀၀ ခန့်ကို အစိုးရတာဝန်ရှိသူတွေက ခုတ်လှဲခဲ့ကြတယ်လို့ ပြောပါတယ်။ မြို့ခံများ၊ ကျောင်းသူကျောင်းသားများနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွက်လှုပ်ရှားသူတွေက အစိုးရတာဝန်ရှိသူတွေ သစ်ပင်ခုတ်လှဲမှုကို ကန့်ကွက်ဟန့်တားရန် လမ်းမများပေါ်ထွက် စုရုံးခဲ့ကြရာ သောကြာနေ့ (အောက်တိုဘာ ၄ ရက်) မှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေက Aarey ဧရိယာကို တားမြစ်ပိတ်ပင်ထားတဲ့ အတားအဆီးများကိုပင် ဖျက်ဆီးပြီး ဝင်ရောက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ကန့်ကွက်ဆန္ဒပြသူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အများပြည်သူ စုဝေးခြင်းများကို ကန့်သတ်မှုတွေထုတ်ပြန်ခဲ့ပါတယ်။

(Photo: Getty Images)

မွမ်ဘိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သီတင်းပတ်ကုန် ဆန္ဒပြမှုတွေကို အိန္ဒိယတစ်နိုင်ငံလုံးက အလေးထား အာရုံစိုက်လာခဲ့ကြပြီးနောက် တရားရုံးချုပ်က ကြားဝင်ခဲ့ကာ သစ်ပင်ခုတ်မှုကို ရပ်ဆိုင်းထားရန် အစိုးရတာဝန်ရှိသူတွေထံ အကြောင်းကြာစာပို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ယခုဖြစ်ရပ်ကို တရားသူကြီးနှစ်ဦးပါဝင်တဲ့ အထူးခုံရုံးက ယနေ့ (အောက်တိုဘာ ၇ ရက်) မှာ ကြားနာခဲ့ပါတယ်။ ကျောင်းသူကျောင်းသားတွေက တရားရုံးချုပ်အနေနဲ့ Aarey သစ်ပင်များကိစ္စကို ကြားဝင်ပြီး သစ်ပင်တွေကို ကယ်တင်ပေးရန် စာရေးသားတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

(Photo: NDTV)

တရားရုံးချုပ်က မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်အစိုးရကို နောက်ထပ် သစ်ပင်တွေ ထပ်မခုတ်တော့ရန် ပြောကြားခဲ့ပါတယ်။ တရားရုံးချုပ်ရဲ့ ညွန်ကြားချက်အရ ပြည်နယ်အစိုးရအနေနဲ့ ယခုကိစ္စကို နောက်တစ်ကြိမ် ကြားနာစစ်ဆေးမယ့် အောက်တိုဘာ ၂၁ ရက်မတိုင်မီအထိ သစ်ပင်ခုတ်ခြင်းအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားပါတယ်။

ထို့အတူ ဖမ်းဆီးထားတဲ့ ဆန္ဒပြသူအားလုံးကိုလည်း ပြန်လွှတ်ပေးရန် အိန္ဒိယတရားရုံးချုပ်က ညွန်ကြားခဲ့ပါတယ်။ အကျယ်အဝန်း ၃,၂၁၂ ဧကရှိတဲ့ Aaray ဧရိယာမှာ သစ်ပင်များဖြင့် အုပ်ဆိုင်းနေပြီး ရေကန်များလည်းရှိကာ Mithi မြစ် ဖြတ်သန်းစီးဆင်းနေပါတယ်။ မွမ်ဘိုင်းမြို့လယ်ပိုင်းမှာ တည်ရှိတဲ့ ထိုနေရာကို မြို့ရဲ့နောက်ဆုံးလက်ကျန် စိမ်းလန်းနယ်မြေအဖြစ် မကြာခဏ ညွှန်းဆိုလေ့ရှိကြကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က