သမိုင်းတစ်လျှောက်မှာ လွှတ်တော်က စွပ်စွဲပြစ်တင်ခံရတဲ့ တတိမြောက် အမေရိကန်သမ္မတလည်း ဖြစ်လာခဲ့ပါတယ်။

အမေရိကန် အောက်လွှတ်တော်က သမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်လိုက်ပြီး အထက်လွှတ်တော်မှာ ထရန့်ကို ရာထူးမှာ ဆက်လက်ထားရှိခြင်းပြု မပြု ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

(ဒီမိုကရက်တစ်တစ်ဦးဖြစ်သူ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ) (Photo: Jim Lo Scalzo/EPA-EFE)

ထရန့်ဟာ သမိုင်းတစ်လျှောက်မှာ လွှတ်တော်က စွပ်စွဲပြစ်တင်ခံရတဲ့ တတိမြောက် အမေရိကန်သမ္မတလည်း ဖြစ်လာခဲ့ပါတယ်။ အောက်လွှတ်တော် (House of Representatives) က သမ္မတထရန့်ကို အာဏာအလွဲသုံးစားပြုမှုအတွက် စွပ်စွဲပြစ်တင်ရန် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထောက်ခံမဲ ၂၃၀၊ ကန့်ကွက်မဲ ၁၉၇ ဖြင့် မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ထို့အတူ လွှတ်တော်ကို အနှောင့်အယှက်ပြုမှုအတွက် စွပ်စွဲပြစ်တင်ရန်လည်း ထောက်ခံမဲ ၂၂၉၊ ကန့်ကွက်မဲ ၁၉၈ ဖြင့် ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။



ဒီမိုကရက်တစ်အများစုဖြစ်တဲ့ အောက်လွှတ်တော်က အမေရိကန်ရဲ့ ၄၅ ဆက်မြောက် သမ္မတထရန့်ကို အာဏာအလွှဲသုံးစားပြုမှုနဲ့ လွှတ်တော်ကို အနှောင့်အယှက်ပြုမှု စွဲချက်နှစ်ခုဖြင့် စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၃ နှစ်အရွယ် ထရန့်က ၎င်းရဲ့အာဏာကို အလွဲသုံးစားပြုပြီး နိုင်ငံရေးပြိုင်ဘက်ဖြစ်သူ ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို စုံစမ်းစစ်ဆေးရန် ယူကရိန်းအစိုးရအား တောင်းဆိုခဲ့တယ်လို့ အောက်လွှတ်တော်မှ ဒီမိုကရက်တစ်အမတ်တွေက စွပ်စွဲထားပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Reuters)

ဂျိုးဘိုင်ဒင်ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ထရန့်ရဲ့ပြိုင်ဘက်အဖြစ် ပါဝင်ယှဥ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ အဓိက ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။ သမ္မထရန့်ဟာ ၎င်းကို စွပ်စွဲပြစ်တင်မှုကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အစိုးရတာဝန်ရှိသူတွေနဲ့ ဌာနတွေကိုလည်း ညွှန်ကြားခြင်းဖြင့် အောက်လွှတ်တော် စုံစမ်းစစ်ဆေးမှုကို အနှောင့်အယှက်ပြုခဲ့ကြောင်းလည်း စွပ်စွဲခံထားရပါတယ်။

(သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ရန် ထောက်ခံဆန္ဒပြမှု) (Photo: Getty Images)

သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရေးနဲ့ ပတ်သက်တဲ့ အထက်လွှတ်တော် (Senate) ကြားနာစစ်ဆေးမှုကို လာမယ့် ဇန်နဝါရီလမှာ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ သို့သော် အထက်လွှတ်တော်မှာတော့ ထရန့်ရဲ့ ရီပတ်ဘလစ်ကင်တွေက အမတ်နေရာ ၅၃ နေရာနဲ့ ဒီမိုကရက်တစ်တွေက ၄၇ နေရာ ပိုင်ဆိုင်ထားရာ ၎င်းကို စွပ်စွဲပြစ်တင်ပြီး သမ္မတရာထူးမှ ဖယ်ရှားရေးမှာ ဖြစ်လာနိုင်ဖွယ်မရှိဘဲ မဲခွဲဆုံးဖြတ်ပါက ရီပတ်ဘလစ်ကင်တို့က အသာရမယ့် အခြေအနေဖြစ်ပါတယ်။

(သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားမှု လုပ်ငန်းစဥ်) (Infographic: BBC)

အမေရိကန် အောက်လွှတ်တော်က ထရန့်မတိုင်မီ သမိုင်းတစ်လျှောက် ၁၉၉၈ ခုနှစ်မှာ သမ္မတဘီလ်ကလင်တန်နဲ့ ၁၈၆၈ ခုနှစ်မှာ သမ္မတအန်ဒရူးဂျွန်ဆင်တို့ကို စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့ဖူးကြောင်း သိရပါတယ်။ သမ္မတထရန့်က ပြည်တွင်းနိုင်ငံရေးပြိုင်ဘက်ကို အသာရနိုင်ရေး နိုင်ငံခြားအစိုးရတစ်ရပ်ရဲ့ အကူအညီရယူရန် အားထုတ်ကြိုးပမ်းခဲ့တဲ့ လုပ်ရပ်ဟာ ၎င်းကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားသင့်ကြောင်း အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူပညာရှင်သုံးဦးက လွှတ်တော်ကော်မတီရှေ့မှောက်မှာ ယခုလအစောပိုင်းက သက်သေခံထွက်ဆိုခဲ့ကြပါတယ်။

Source: USA Today, BBC

Share

Loading Next Article...
က္က