ဇူလိုင် ၂၆ ရက် ညပိုင်းကတည်းက ရေကြီးမှုအတွင်း ရထားပေါ်မှာ သောင်တင်နေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီး ရေကြီးမှုအတွင်း လူဦးရေ ၈၀၀ ကျော် ရထားတစ်စင်းပေါ်မှာ သောင်တင်ပိတ်မိနေခဲ့ကြတာကြောင့် ရဟတ်ယာဉ်များ၊ လှေများနဲ့ ရေငုပ်အဖွဲ့များက ပူးပေါင်းကယ်ဆယ်ခဲ့ကြရပါတယ်။

(Photo: NDRF)

Mahalaxmi Express ရထားဟာ ရေကြီးနေမှုကြောင့် ယမန်နေ့ (ဇူလိုင် ၂၆ ရက်) ညပိုင်းကတည်းက ဆက်လက် ခုတ်မောင်းမရတော့ဘဲ မွမ်ဘိုင်းမြို့အနီး Vangani မြို့အပြင်ဘက်မှာ သောင်တင်နေခဲ့ပါတယ်။ ရထားစီး ခရီးသည်တွေက IANS သတင်းဌာနကို ပြောကြားမှုအရ ၎င်းတို့ကို ရထားပေါ်မှာပဲ နေထိုင်ကြရန် ညွန်ကြားခဲ့ပေမဲ့ ၁၅ နာရီကြာတဲ့အထိ ရေနဲ့အစားအစာ မရရှိခဲ့ကြဘူးလို့ သိရပါတယ်။



တောင်အာရှဒေသမှာ မုတ်သုန်မိုးများ ရက်သတ္တပတ်ကြာ ရွာသွန်းနေခဲ့ပြီး ရေကြီးမှုတွေကြောင့် လူ ၇၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ အိန္ဒိယ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးတပ်ဖွဲ့ (National Disaster Response Force - NDRF) က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ခရီးသည်တွေကို ရာဘာလှေများဖြင့် ကယ်ဆယ်လာခဲ့တာ တွေ့ရပါတယ်။

(Photo: NDRF)

ရေကြီးမှုဖြစ်ပြီး သောင်တင်ခဲ့တဲ့ ရထားအနီးမှာ ယာယီစခန်းတစ်ခုဖွင့်လှစ်ပြီး အစားအစာနဲ့ ဆေးဝါးများ ထောက်ပံ့ပေးခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။ ရေကြီးမှုအတွင်း ရထားပေါ်မှာ ပိတ်မိခဲ့တဲ့ ခရီးသည်တွေအနက် ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုးဦးလည်း ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ရထားပေါ်မှာ ပိတ်မိခဲ့တဲ့ ခရီးသည်တွေအတွက် လိုရာခရီးသို့သွားရောက်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း ရထားကုမ္ပဏီမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

(Photo: NDRF)

ယခုဖြစ်ရပ် ဖြစ်ပေါ်ခဲ့တဲ့ နေရာအနီးတစ်ဝိုက်ရှိ Badlapur, Ulhasnagar, Vangani မြို့တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ဒေသတွင်းရှိ မြစ်များ မြစ်ရေလျှံတက်မှုတွေကြောင့် ရေလွှမ်းမိုးနေပါတယ်။ မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် မွမ်ဘိုင်းမှာ လေကြောင်းခရီးစဉ် ၁၁ ခု ဖျက်သိမ်းရမှုနဲ့ အခြား လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းရမှု အပါအဝင် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က