ဇွန် ၃၀ ရက် ညပိုင်းကတည်းက မိုးသည်းထန်နေခဲ့ပါတယ်။

အိန္ဒိယ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားခရီးစဉ်များ ကြန့်ကြာမှု၊ ရေကြီးနေတဲ့ လမ်းမတွေမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ နိုင်ငံရဲ့ ဒုတိယမြောက် ဝင်ထွက်သွားလာမှုအများဆုံး လေဆိပ်မှာ လေကြောင်းခရီးစဉ် နှောင့်နှေးမှုတွေ ယနေ့ (ဇူလိုင် ၁ ရက်) ကြုံတွေ့ခဲ့ရပါတယ်။

(Photo: Reuters)

အိန္ဒိယရဲ့ အကြီးဆုံး စတော့အိတ်ချိန်းနှစ်ခုရှိပြီး အဓိက ကုမ္ပဏီကြီးတွေရဲ့ ရုံးချုပ်များတည်ရှိရာ မွမ်ဘိုင်းမြို့တော်မှာ ယမန်နေ့ (ဇွန်လ ၃၀ ရက်) ညပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး နောက်ထပ် ၂၄ နာရီအတွင်း မိုးဆက်လက်ရွာသွန်းနေမယ်လို့ မိုးလေဝသဌာနက ပြောထားပါတယ်။ မွမ်ဘိုင်းမြို့လယ်နဲ့ ဆင်ခြေဖုံးနေရာများကြား ပြေးဆွဲနေတဲ့ ရထားခရီးစဉ်တွေဟာ ရထားလမ်းများ ရေနစ်မြုပ်နေမှုကြောင့် နှစ်နာရီကြာအထိ ကြန့်ကြာမှုတွေဖြစ်ခဲ့ပါတယ်။

(Photo: Hindustan Times)

ထို့အတူ မွမ်ဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (Mumbai International Airport) မှာလည်း လေယာဉ်ခရီးစဉ်အချို့ နာရီဝက်ခန့် နှောင့်နှေးခဲ့ကြောင်း လေဆိပ်ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။ အသွားအလာများပြားတဲ့ မနက်ပိုင်းအချိန်အတွင်း ၎င်းတို့ လုပ်ငန်းခွင်ကိုသွားရောက်ကြတဲ့ ထောင်နဲ့ချီတဲ့ ခရီးသည်တွေဟာ ရထားတွေနဲ့ မော်တော်ယာဉ်တွေပေါ်မှာ သောင်တင်နေခဲ့ကြပါတယ်။ "ရထားလမ်းတွေ ရေမြုပ်နေလို့ မိနစ် ၅၀ စီးရတဲ့ ရထားခရီးက ဒီနေ့ နှစ်နာရီခွဲကြာသွားခဲ့တယ်" လို့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ Ketan Bonder က ပြောပါတယ်။

(Photo: ANI)

မွမ်ဘိုင်းမြို့ကို ကမ္ဘာ့ဘဏ္ဍာရေးအချက်အချက် နေရာတစ်ခုဖြစ်လာစေရန် ကြိုးပမ်းနေပေမဲ့ မြို့ရဲ့နေရာအများအပြားမှာ နှစ်စဉ် မုတ်သုန်ရာသီ မိုးရွာသွန်းမှု နောက်ဆက်တွဲ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေရပါတယ်။ မွမ်ဘိုင်းမှာ ၂၀၀၅ ခုနှစ်က ရေကြီးမှုတွေကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ ထိုစဉ်က သေဆုံးသူအများစုဟာ မွမ်ဘိုင်းမြို့စွန် ဆင်းရဲသားများနေထိုင်ကြတဲ့ တဲအိမ်စုနေရာတွေမှ ဖြစ်ကြပြီး အဆိုပါ နေရာတွေမှာ နေထိုင်သူဦးရေဟာ မွမ်ဘိုင်းလူဦးရေရဲ့ ထက်ဝက်ကျော်ရှိကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ 

Share

Loading Next Article...
က္က