လူ ၄၀ ထက်မနည်း ပိတ်မိနေဖွယ်ရှိပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ ဒွန်ဂရီအရပ်မှာ လေးထပ်အဆောက်အအုံတစ်ခု ပြိုကျခဲ့မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး အပျက်အစီးများအောက်မှာ လူဦးရေ ဒါဇင်နဲ့ချီ ပိတ်မိခဲ့ကြောင်း သိရပါတယ်။

(Photo: Times Now)

ယနေ့ (ဇူလိုင် ၁၆ ရက်) ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ အဆောက်အအုံ ပြိုကျခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်။ ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ သက်တမ်း နှစ်ပေါင်း ၁၀၀ ရှိပြီလို့ သတင်းတွေက ပြောပါတယ်။



လက်ရှိ မုတ်သုန်မိုးများကြောင့် ရေကြီးမှုတွေဖြစ်ပေါ်နေမှုက အဆောက်အအုံပြိုကျရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကနဦး သတင်းတွေအရ ကလေးနှစ်ဦး အပါအဝင် လူငါးဦးကို အပျက်အစီးများထဲမှ ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Tanaji Kamble က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းအရ အမျိုးသမီးတစ်ဦးကိုလည်း အပျက်အစီးများထဲမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: @ZeeshKhaan/Twitter)

"အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေတယ်၊ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်၊ ကပ်လျက်အဆောက်အအုံတွေဟာလည်း အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်လို့ နေထိုင်သူတွေကို ရွှေ့ပြောင်းပေးထားပါတယ်" လို့ မီးသတ်ဌာန အကြီးအကဲ PS Rahangdale က ပြောပါတယ်။

အဆောက်အအုံ ပြိုကျမှုအတွင်း လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ယခု အရပ်ဒေသမှာ လမ်းများကျဉ်းတာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်မှု နှောင့်နှေးရတယ်လို့ မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အိန္ဒိယ National Disaster Response Force မှ အဖွဲ့သုံးဖွဲ့က အဆောက်အအုံ ပြိုကျခဲ့တဲ့နေရာကို ရောက်ရှိနေကြပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြိုကျခဲ့တဲ့ အဆောက်အအုံမှာ မိသားစု ၁၅ စုခန့် နေထိုင်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Reuters)

ကနဦး သတင်းတွေအရ အဆောက်အအုံ အပျက်အစီးတွေထဲမှာ လူ ၄၀ မှ ၅၀ ဦးအထိ ပိတ်မိနေဖွယ်ရှိကြောင်း Brihanmumbai Municipal Corporation (BMC) က Twitter မှာ ရေးသားထုတ်ပြန်ပါတယ်။ ယခုဖြစ်ရပ်ဟာ မွမ်ဘိုင်းပတ်ဝန်းကျင်မှာ ၁၀ ရက်အတွင်း ဒုတိယအကြိမ် အဆောက်အအုံ ပြိုကျမှုလည်းဖြစ်ပါတယ်။

အိန္ဒိယမြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေအိမ်တစ်လုံး ပြိုကျခဲ့ပြီး လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ လတ်တလောမှာ မုတ်သုန်မိုးများ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ပြီး တောင်အာရှဒေသ နိုင်ငံတွေဖြစ်တဲ့ နီပေါ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ လူ ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source: BBC, Reuters, CNA


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က