တစ်ကယ်လို့သာ ကားလမ်း ဒီလောက် ဆိုးဆိုးရွားရွား မပိတ်ခဲ့ရင် လူနာကို ကယ်နိုင်တာပေါ့

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေက ဆေးရုံသို့ အချိန်မီရောက်ရန် ပို့ဆောင်ရမယ့် လူနာတွေရဲ့အသက်ကို အရေးပေါ် လူနာတင်ကားတွေပေါ်မှာပဲ ဆုံးရှုံးစေမှုတွေ ဖြစ်နေတယ်လို့ ဆရာဝန်တွေက သတိပေးကြပါတယ်။

(Photo: AFP)

မနီလာမှာ အရေးပေါ်ကားတွေအတွက် သီးသန့်လမ်းကြောင်းများ စီစဉ်ပေးထားခြင်း မရှိဘဲ မြို့ရဲ့အခြေခံအဆောက်အအုံကဏ္ဍဟာ ခေတ်မမီတော့ဘူးလို့ ဆိုပါတယ်။ ထို့အတူ မြို့ခံယာဉ်မောင်းတွေကလည်း အရေးပေါ်ယာဉ်တွေကို လမ်းဖယ်မပေးတဲ့လုပ်ရပ်များ မကြာခဏ ရှိနေခဲ့ရာ ထိုအခြေအနေတွေက ဆေးရုံသို့ပို့ဆောင်နေတဲ့ လူနာတွေ လမ်းမှာတင် သေဆုံးရမှု ဖြစ်စေလျက်ရှိပါတယ်။



"တတ်နိုင်သလောက် ကူညီဖို့အတွက် အခွင့်အရေးမရတဲ့အခါကျတော့ ဘာမှကို မလုပ်နိုင်ဘူးလေ" လို့ အရေးပေါ်ယာဉ်မောင်းနဲ့ ဆေးဘက်အကူဝန်ထမ်း ဂျိုးဇက်က AFP သတင်းဌာနကို ဖွင့်ဟပြောခဲ့ပါတယ်။ "တစ်ကယ်လို့သာ ကားလမ်း ဒီလောက် ဆိုးဆိုးရွားရွား မပိတ်ခဲ့ရင် လူနာကို ကယ်နိုင်ခဲ့တာပေါ့" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

  • ဘာမှမတတ်နိုင်တဲ့ အခြေအနေ

ဂျိုးဇက်က လူနာတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့စဉ် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပုံမှန်ကြာမြင့်ချိန်ထက် သုံးဆပိုကြားသွားခဲ့ရာမှ လူနာသေဆုံးသွားခဲ့ရတဲ့ ၎င်းရဲ့အတွေ့အကြုံကို ပြန်ပြောခဲ့ရင်း စိတ်မကောင်းဖြစ်နေပါတယ်။ အရေးပေါ်ကားမောင်းသူ တစ်ဦးအနေနဲ့ သက်ဆိုင်ရာ ဆေးရုံသို့ အမြန်ရောက်နိုင်တဲ့ ဖြတ်လမ်းတွေကို ကောင်းစွာနှံ့စပ်ကျွမ်းကျင် သိထားခဲ့ သို့မဟုတ် ကားဟွန်ဆက်တိုက်တီးကာ အရေးပေါ်အချက်ပေးသံနဲ့အတူ အသည်းအသန် မောင်းနှင်ပေမဲ့ အမြဲတမ်း အချိန်မီရောက်ရန် မလွယ်ကူးဘူးလို့ ဆိုပါတယ်။

(Photo: AFP)

အရေးပေါ်ကားမောင်းသူ နောက်ထပ်တစ်ဦးဖြစ်တဲ့ အက်ဒရီရယ် အရာဂွန်ကလည်း ၂၀၁၄ ခုနှစ်အတွင်း သေရေးရှင်ရေး ဖြစ်နေခဲ့တဲ့ နေမကောင်းသူတစ်ဦးကို ဆေးရုံသို့ပို့ပေးစဉ် အချိန်မီ မရောက်တာကြောင့် သေဆုံးခဲ့ရတဲ့အဖြစ်က ၎င်းကို ခြောက်လှန့်နေဆဲပဲလို့ ဖွင့်ဟခဲ့ပါတယ်။ ထိုစဉ်က လူနာကို အရေးပေါ်ကားဖြင့် ဆေးရုံသို့ပို့ပေးခဲ့ရာ ပုံမှန် မိနစ် ၂၀ မျှသာ ကြာသင့်ပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဆေးရုံရောက်ရန် မိနစ် ၄၀ အထိ ကြာခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

"ဘယ်လောက်ပဲ ကျွန်တော်တို့က ဟွန်းတွေတီးတီး၊ အချက်ပေးဥသြသံတွေ ဖွင့်ထားဖွင့်ထား ကားလမ်းပိတ်နေပြီး ကားတွေက နေရာကကို မရွေ့ကြတော့ ဘာမှကို လုပ်မရဘူးလေ" လို့ အရာဂွန်က ၎င်းရဲ့အတွေ့အကြုံကို ပြောခဲ့ပါတယ်။ အရာဂွန် အရေးပေါ်ကားမောင်းပြီး ပို့ဆောင်ပေးခဲ့တဲ့ လူနာအမျိုးသမီးဟာ ထိုစဉ်က ဆေးရုံမရောက်မီ ငါးမိနစ်မှာ နှလုံးမခုန်တော့ပါဘူး။

(Photo: AFP)

ဆေးရုံရဲ့ အရေးပေါ်ခန်းအတွင်း သူမကို ပို့ဆောင်ပေးခဲ့ပြီးနောက်မှာတော့ သေဆုံးသွားပြီလို့ ဆရာဝန်တွေက အတည်ပြုခဲ့ကြကြောင်း အရာဂွန်က အဖြစ်အပျက်ကို ပြန်ပြောခဲ့ပါတယ်။ ယာဉ်အသွားအလာ အများဆုံးအချိန်တွေမှာ မနီလာမြို့ရဲ့ အဓိက လမ်းမတွေဟာ မရွေ့လျားတဲ့ကားတွေနဲ့ ပြည့်နှက်ပိတ်ဆို့နေတတ်ပါတယ်။ အစမှအဆုံး ၁၆ မိုင်နီးပါး အကွာအဝေးရှိတဲ့ အဓိက အဝေးပြေးလမ်းတစ်လျှောက် ကားမောင်းသွားလာမှုဟာ အချိန်သုံးနာရီအထိ ကြာမြင့်လေ့ရှိကြောင်းလည်း သိရပါတယ်။

  • လူတစ်ဦး ကားတစ်စီးနှုန်းနဲ့ ကြေကွစရာဇာတ်လမ်းများ

သက်ဆိုင်ရာဌာနရဲ့ စာရင်းအရ လူဦးရေ ၁၃ သန်းခန့်နေထိုင်ကြတဲ့ မနီလာမြို့မှာ လူတစ်ဦးလျှင် ကားတစ်စီးနှုန်းနီးပါး မှတ်ပုံတင်ထားကြတယ်လို့ ဆိုပါတယ်။ ထိုအခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ ယာဉ်ကြောပိတ်ဆို့မှုက ကုန်ထုပ်လုပ်မှုမှာ နေ့စဉ် အမေရိကန်ဒေါ်လာ ၆၇ သန်း ဆုံးရှုံးနစ်နာစေကြောင်း ဂျပန်အစိုးရ ရန်ပုံငွေဖြင့် ပြုလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် လေ့လာမှုက ဖော်ပြထားပါတယ်။

အစိုးရ သို့မဟုတ် အရေးပေါ် လူနာတင်ယာဉ်ကုမ္ပဏီတွေက မနီလာမြို့ ယာဉ်ကြေပိတ်ဆို့မှုအတွင်း လူနာအရေအတွက် မည်မျှသေဆုံးခဲ့ကြကြောင်း မှတ်တမ်းတင် ရေတွက်ထားမှုမရှိပေမဲ့ အရေးပေါ်ကားမောင်းသူတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေမှာတော့ ထိတ်လန်တုန်လှုပ်စရာ၊ ကြေကွဲစရာ ဇာတ်လမ်းအများအပြား ရှိနေကြပါတယ်။

(Photo: AFP)

အရေးပေါ်ကားမောင်းတဲ့ ဂျိုးဇက် ကြုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုမှာ ကျဉ်းမြောင်းတဲ့လမ်းတစ်လမ်းပေါ် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေခဲ့ပြီး လူနာရဲ့နေအိမ်ကနေ ဆေးရုံသို့ရောက်ရှိရန် အချိန် ၁၀ မိနစ် ပိုကြာသွားခဲ့ရာမှ လူနာဟာ ၎င်းရဲ့အရေးပေါ်ကားထဲမှာပင် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

"သုံးမိုင်ခွဲလောက်ပဲ အကွာအဝေးရှိတယ်၊ အဲဒါက ပုံမှန်ဆို ငါးမိနစ်ထက် ပိုမကြာဘူးဗျာ၊ ဒါပေမဲ့ အဲဒီတုန်းက ၁၅ မိနစ် ကြာသွားခဲ့တယ်၊ လူတစ်ယောက်ရဲ့အသက်ကို ကယ်ဖို့ဆိုရင် ဒါက အရမ်းကြာခဲ့တယ်လေ" လို့ ဂျိုးဇက် ၂၀၁၇ ခုနှစ်မှာ ကြုံခဲ့ရတဲ့အဖြစ်က မချိတင်ကဲ ပြောပြခဲ့ပါတယ်။

  • ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့တဲ့ ဖြစ်ရပ်တစ်ခု

ဖိလစ်ပိုင်မှာ အရေးပေါ် လူနာတင်ကားတွေ ယာဉ်ကြောပိတ်ဆို့မှုအတွင်း ရပ်တန့်နေရတဲ့ ဓာတ်ပုံတွေကလည်း ဆိုရှယ်မီဒီယာမှာ ဒေါသတကြီး ဝေဖန်မှုတွေ မြင့်တက်စေခဲ့ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ရပ်ဆိုးတွေအနက် တစ်ခုအဖြစ် သူမရဲ့မိခင်ကို သယ်ဆောင်လာတဲ့ အရေးပေါ်ကားကို အခြားကားတွေက လမ်းဖယ်မပေးကြမှုအပေါ် အံ့သြတကြီးဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး ကြည့်ရှုမှု ၃.၂ သန်းအထိ ရှိခဲ့ဖူးပါတယ်။

(Photo: AFP)

"ကျွန်မ အရမ်းဒေါသထွက်ခဲ့တယ်၊ ကျွန်မတို့လမ်းကို ပိတ်ထားကြတဲ့ ကားတွေကို ကျွန်မတို့ ဘာမှ မလုပ်နိုင်တဲ့အပေါ် ကျွန်မ အရမ်းလည်းစိုးရိမ်ခဲ့တယ်" လို့ ဂျင်ဇာမိုရာအမည်ရှိ အမျိုးသမီးက AFP ကို ပြောပါတယ်။ ထိုစဉ်က ဇာမိုရာရဲမိခင်ဟာ လေဖြတ်သွားတာကြောင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရာ ၁၀ မိနစ်မျှသာ ကြာသင့်တဲ့အကွာအဝေး ဖြစ်ပေမဲ့ နာရီနဲ့ချီ ကြာသွားခဲ့ပါတယ်။ ဇာမိုရာရဲ့မိခင်ဟာ ဆေးရုံကို အသက်ရှင်လျက်ရောက်နိုင်ခဲ့ပေမဲ့ နောက်တစ်ပတ်အကြာမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

  • အချိန်က အဆုံးအဖြတ်ဖြစ်မှုနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း

လေဖြတ်ဝေဒနာ ခံစားရသူတွေကို အလျင်အမြန် ကုသမှုပေးခြင်းက ပုံမှန်ပြန်ကောင်းလာစေရန် အဓိကကျကြောင်း American Stroke Association က ပြောပါတယ်။ Metropolitan Manila Development Authority (MMDA) ရဲ့ အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြီးအကဲ အယ်လ်ဒိုမေယာကဲ့သို့ အစိုးရတာဝန်ရှိသူတွေကတော့ မနီလာမှာ ယာဉ်ကြောပိတ်ဆို့ရမှု အကြောင်းရင်းများအနက် လမ်းအသုံးပြုသူတွေကြောင့်ကလည်း တစိတ်တစ်ပိုင်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"တချို့လူတွေက ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို မလိုက်နာကြဘူး၊ ဂရုမစိုက်ကြဘူး" လို့ အယ်လ်ဒိုမေယာက ပြောပါတယ်။ မနီလာအာဏာပိုင်တွေက ၂၀၁၇ ခုနှစ်မှာ အရေးပေါ်ကားတွေအတွက် အရံလမ်းကြောင်းတစ်ခုထားရှိရန် အပါအဝင် စည်းမျဉ်းစည်ကမ်း အမိန့်ထုတ်ပြန်မှုရှိခဲ့ပေမဲ့ ဝန်ထမ်းပိုင်းဆိုင်ရာ အကန့်အသတ်တွေကြောင့် လိုက်နာဆောင်ရွက်စေမှု ရှားပါးကြောင်းလည်း အယ်လ်ဒိုမေယာက ရှင်းပြပါတယ်။

  • ယာဉ်ကြောပိတ်ဆို့မှုပြဿနာတွေ ဘာကြောင့်ဖြစ်နေလဲ?

ယခုပြဿနာတွေဟာ ၁၉၈၅ ခုနှစ်မှစပြီး မနီလာမြို့ရဲ့လူဦးရေ အကြမ်းဖျင်းအားဖြင့် နှစ်ဆတိုး များပြားလာပြီး အခြေခံအဆောက်အအုံကဏ္ဍ ဖြည့်ဆည်းမပေးနိုင်တာကြောင့် ဖြစ်ပေါ်လာခဲ့တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ရထားလမ်းစနစ် အကန့်အသတ်ဖြစ်နေမှုက နေ့စဉ်သွားလာကြသူတွေအတွက် ကားတွေကိုသာ အဓိက အသုံးပြုလာကြရပြီး ကားအစီးရေ သန်းနဲ့ချီ တိုးပွားလာခဲ့ပါတယ်။

နိုင်ငံရဲ့ ဗျူရိုကရေစီယန္တရားနဲ့ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေက လမ်းမများ၊ တံတားများနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံသစ်တွေ အကောင်အထည်ဖော်ရေးကို အချိန်ကြာစေမှု သို့မဟုတ် ပိတ်ပင်မှုတွေ ရှိနေပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက မနီလာမြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းမယ်လို့ ကတိကဝတ်ပြုထားခဲ့ပေမဲ့ ၎င်းရဲ့သမ္မတသက်တမ်း တစ်ဝက်ကျိုးချိန်အထိ မနီလာရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ EDSA (Epifanio de los Santos Avenue) လမ်းဟာ အသွားအလာများပြားချိန်မှာ မရွေ့လျားနိုင်တဲ့ ကားတွေနဲ့အတူ ပိတ်ဆို့ကျပ်တည်းနေဆဲ ဖြစ်ပါတယ်။

(Photo: AFP)

မနီလာမြို့ လမ်းမတွေပေါ်ကား ကားအရေအတွက် အလွန်များပြားလာမှုက အရေးပေါ်ကားတွေအနေနဲ့ လူနာတွေကို ဆေးရုံသို့ အမြန်ဆုံးပို့ပေးနိုင်ခြင်းရှိ မရှိအတွက် အဓိက အကြောင်းရင်းဖြစ်နေကြောင်း ကားနဲ့သက်ဆိုင်တဲ့ သတင်းဆောင်းပါးတွေ ကာလရှည်ကြာ ရေးသားလာခဲ့သူ ဂျာနယ်လစ် ဗာနွန်ဆာနေးက ထောက်ပြခဲ့ပါတယ်။

"လမ်းဖယ်ပေးချင်တယ်ဆိုရင်တောင်ဗျာ လမ်းက ကားတွေနဲ့ပြည့်တော့ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ၊ အရေးပေါ်ကားကလည်း လေထဲကပျံသွားလို့ မရဘူးလေ" လို့ ဂျာနယ်လစ်က AFP ကို ပြောပါတယ်။ အရေးပေါ်ကားတွေဟာ အရေးပေါ်အခြေအနေ မဟုတ်ပေမဲ့ လမ်းကြောင်းရချင်တာကြောင့် မီးတွေနဲ့ အချက်ပေးဥသြသံဖွင့်ပြီး မောင်းနှင်ကြကြောင်း ယာဉ်မောင်းတွေက အဆိုးမြင်ကာ သံသယထားမှုတွေလည်း ရှိနေကြတယ်လို့ ဗာနွန်ဆာနေးက ရှင်းပြခဲ့ပါတယ်။

(Photo: AFP)

"လူတိုင်းက ကျွန်တော်တို့ကို အခွင့်အရေးယူနေကြတဲ့အဖြစ်ကို ကားမောင်းတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ စိတ်ကုန်ပါတယ်" လို့ ၎င်းကဆိုပါတယ်။ ဂျာနယ်လစ် ဗာနွန်ဆာနေးရဲ့ အဆိုအရ နိုင်ငံရေးသမားအချို့ကလည်း ကားလမ်းပိတ်မှုကို ရှောင်နိုင်ရန်အတွက် အရေးပေါ်ယာဉ်တန်း အစောင့်အရှောက် အသုံးပြုနေကြတယ်လို့ သိရပါတယ်။

မနီလာမြို့မှာ အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကတော့ ဇာမိုရာရဲ့ ဗီဒီယိုပျံ့နှံ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ထောက်ပြဝေဖန်မှုတွေက လူတွေကို အရေးပေါ်ကားတွေအတွက် လမ်းဖယ်ပေးရမယ့် အသိတရားရစေရန် ကူညီနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။ "ဆိုရှယ်မီဒီယာကြောင့် အခုဆို လူတွေက အရေးပေါ်ကားလာရင် အရင်ကထက် လမ်းဖယ်ပေးလာကြတာ တွေ့ရပါတယ်" လို့ အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲ မိုက်ကယ်ဒီကင်က AFP ကို ပြောခဲ့ပါတယ်။




က္က