မူးယစ်ရာဇာရဲ့ အနီးကပ်လူတစ်ဦးဆိုသူက တရားရုံးမှာ ထွက်ဆိုခဲတာပါ။

မက္ကစီကိုသမ္မတဟောင်း အန်နရစ်ပီနာက နာမည်ကြီး မူးယစ်ရာဇာ ဂျိုအာကွင်းအယ်လ်ချက်ပိုဂုဇ်မန်းထံမှ လာဘ်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို လက်ခံခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဂုဇ်မန်းရဲ့ အနီးကပ်လူတစ်ဦးဆိုသူ Alex Cifuentes က အဆိုပါ လာဘ်ထိုးတဲ့ကိစ္စကို ၂၀၁၆ ခုနှစ်အတွင်း အာဏာပိုင်တွေကို ပြောခဲ့ကြောင်း နယူးယော့ခ်မြို့ တရားရုံးမှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

(ဂုဇ်မန်းကို ကြားနာစစ်ဆေးသည့် တရားခွင်အား ပုံဖော်ရေးဆွဲထားမှု) (Photo: Reuters)

ဂုဇ်မန်းဟာ စီနာလိုအာ မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဆိုပါဂိုဏ်းဟာ အမေရိကန်နိုင်ငံကို မူးယစ်ဆေးဝါး အများဆုံး တင်သွင်းခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ မူးယစ်ရာဇာ ဂုဇ်မန်းက လာဘ်ထိုးခဲ့တဲ့ အန်နရစ်ပီနာဟာ မက္ကစီကိုသမ္မတအဖြစ် ၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။



အသက် ၆၁ နှစ်အရွယ် ဂုဇ်မန်းကို မက္ကစီကိုမှ အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ယမန်နှစ် နိုဝင်ဘာလအတွင်းမှစပြီး တရားရုံး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ၎င်းဟာ ကိုကင်း၊ ဘိန်းဖြူ အခြား မူးယစ်ဆေးဝါးတွေကို ဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် အရောင်းအဝယ်လုပ်ခဲ့မှုဖြင့် စွဲချက်တင်ခံထားရပါတယ်။

(အန်နရစ်ပီနာနှင့် မူးယစ်ရာဇာ ဂုဇ်မန်း) (Photo: Getty Images/EPA)

ဂုဇ်မန်းရဲ့ စီနာလိုအာဂိုဏ်းဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးဂိုဏ်း ဖြစ်တယ်လို့ အမေရိကန်က ပြောထားပါတယ်။ နယူးယော့ခ်တရားရုံး သတင်းတွေအရ အန်နရစ်ပီနာက မက္ကစီကိုသမ္မတအဖြစ် တာဝန်ယူခဲ့စဉ် ဂုဇ်မန်းထံမှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ တောင်းခဲ့ပြီး သန်း ၁၀၀ ပေးရန် သဘောတူခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ လာဘ်ငွေတွေကို ဂုဇ်မန်းရဲ့ မိတ်ဆွေတစ်ဦးမှတစ်ဆင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း မက္ကစီကိုစီးတီးသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း Alex Cifuentes က ထွက်ဆိုခဲ့ပါတယ်။ တရားရုံးမှာ သက်သေထွက်ဆိုတဲ့ Alex Cifuentes ဟာလည်း ကိုလံဘီယာ မူးယစ်ရာဇာတစ်ဦးဖြစ်ပြီး ၎င်းဟာ ဂုဇ်မန်းရဲ့ ညာလက်ရုံးဖြစ်တယ်လို့ ပြောထားပါတယ်။

Alex Cifuentes က ဂုဇ်မန်းရဲ့ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး မက္ကစီကိုတောင်တန်းတွေမှာ ဂုဇ်မန်းနဲ့အတူ ၂ နှစ်ကြာ ထွက်ပြေးပုန်းအောင် နေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းကို ၂၀၁၃ ခုနှစ်အတွင်း မက္ကစီကိုမှာ ဖမ်းဆီးရမိခဲ့ပြီးနောက် အမေရိကန်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

(ဂုဇ်မန်းကို အမေရိကန်သို့ လွှဲပြောင်းခဲ့စဉ်) (Photo: AFP)

အမေရိကန်မှာ Alex Cifuentes က အစိုးရရှေ့နေတွေနဲ့ သဘောတူညီမှုတစ်ခုအရ မူးယစ်ဆေးဝါးကုန်သွယ်မှုမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဂုဇ်မန်းကိုတော့ အကျဉ်းထောင်ကနေ ရုပ်ရှင်ဆန်ဆန် ထောင်ဖောက်ပြေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ပြန်လည်ဖမ်းမိခဲ့ပြီး အမေရိကန်သို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ရာဇာ ဂုဇ်မန်းထံမှ လာဘ်ငွေရယူခဲ့ကြောင်း သတင်းတွေကို မက္ကစီကိုသမ္မတဟောင်း အန်နရစ်ပီနာက တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ သို့သော် ယမန်နှစ် နိုဝင်ဘာလမှာ ဂုဇ်မန်းကို တရားရုံး ကြားနာစစ်ဆေးမှု စတင်ခဲ့ကတည်းက ထွက်ပေါ်ခဲ့တဲ့ အဂတိလိုက်စားကြောင်း စွပ်စွဲမှုတွေကိုတော့ မက္ကစီကိုသမ္မတဟောင်း အန်နရစ်ပီနာက ငြင်းဆိုထားခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က