ဗစ်တာဗက်စ်ကိုဗိုက သမုဒ္ဒရာအားလုံးရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို ရောက်ခဲ့ပါတယ်။
Ko John

အမေရိကန်လူစွန့်စား ဗစ်တာဗက်စ်ကိုဗိုက ကမ္ဘာ့သမုဒ္ဒရာအားလုံးရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို ရောက်ရှိခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

(Photo: BBC)

ဗစ်တာက ၎င်းရဲ့ ငါးကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ရေငုပ်သင်္ဘောပုံစံတူယာဉ်ထဲမှာ လိုက်ပါပြီး အလွန်အေးခဲတဲ့ အာတိတ်သမုဒ္ဒရာရဲ့ ရေပြင်အောက် Molly Deep လို့ အမည်ပေးထားတဲ့ အနက်ရှိုင်းဆုံးနေရာကို သြဂုတ် ၂၄ ရက်မှာ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ဗစ်တာက ပြီးခဲ့တဲ့ ၁၀ လအတွင်း ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ တောင်ပိုင်းသမုဒ္ဒရာနဲ့ အတ္တလန်တစ်သမုဒ္ဒရာတို့ရဲ့ အနက်ရှိုင်းဆုံး ကြမ်းပြင်နေရာတွေကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ သန်းကြွယ်သူဌေး ငွေကြေးစိုက်ထုတ်သူတစ်ဦးဖြစ်တဲ့ ဗစ်တာရဲ့အဖွဲ့က ကမ္ဘာကျော် တိုင်တန်းနစ်သင်္ဘောပျက်နေရာကိုလည်း သွားရောက်ခဲ့ကြဖူးတယ်လို့ သိရပါတယ်။

(Photo: Five Deeps)

သမုဒ္ဒရာငါးစင်းရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို သွားရောက်ရန်ရည်မှန်းထားခဲ့တဲ့ ဗစ်တာက ၎င်းရဲ့နောက်ဆုံး ရည်မှန်းချက်အဖြစ် အာတိတ်သမုဒ္ဒရာကြမ်းပြင် အနက်ရှိုင်းဆုံးနေရာကို နော်ဝေနိုင်ငံ Salbard ကျွန်းဆွယ်အနောက်ဘက် မိုင် ၁၇၀ အကွာကနေ ရေငုပ်သွားရောက်ခဲ့ပါတယ်။

ဗစ်တာ သွားရောက်ခဲ့တဲ့ အာတိတ်သမုဒ္ဒရာကြမ်းပြင်နေရာဟာ ရေမျက်နှာပြင်အောက် အနက် ၃.၄ မိုင် (မီတာ ၅,၅၀၀) အထိရှိခဲ့ပြီး ထိုနေရာသို့ လူသားတစ်ဦးအနေနဲ့ ပထမဆုံး ရောက်ရှိခဲ့မှုလည်း ဖြစ်ပါတယ်။

(Photo: BBC)

ဗစ်တာက သမုဒ္ဒရာငါးစင်းရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို သွားရောက်ရန်အတွက် Five Deeps အမည်ဖြင့် အဖွဲ့တစ်ခုကို ဖွဲ့စည်းထားခဲ့ပြီး ထိုအဖွဲ့က သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ မျိုးစိတ်သစ် ၄၀ ထက်မနည်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့လည်း သိရပါတယ်။ Five Deeps အဖွဲ့ကို ဖွဲစည်းပြီး သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးနေရာတွေကို ရောက်ရှိခဲ့သူ ဗစ်တာဟာ အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

(Photo: Five Deeps)

ဗစ်တာ ရောက်ရှိခဲ့တဲ့ အနက်ရှိုင်းဆုံး သမုဒ္ဒရာကြမ်းပြင်နေရာများ

  • သြဂုတ် ၂၀၁၉ - Molloy Deep (ရေအောက်အနက် ၃.၄ မိုင်)
  • မေ ၂၀၁၉ - Mariana Trench (ရေအောက်အနက် ၆.၈ မိုင်)
  • ဧပြီ ၂၀၁၉ - Java Trench (ရေအောက်အနက် ၄.၅ မိုင်)
  • ဖေဖေါ်ဝါရီ ၂၀၁၉ - South Sandwich Trench (ရေအောက်အနက် ၄.၃ မိုင်)
  • ဇူလိုင် ၂၀၁၉ - တိုင်တန်းနစ်သင်္ဘောပျက်နေရာ (ရေအောက်အနက် ၂.၃ မိုင်)
  • ဒီဇင်ဘာ ၂၀၁၈ - Pureto Rico Trench (ရေအောက်အနက် ၅.၂ မိုင်)

Source: Five Deeps, BBC, CNN


က္က