လာမယ့် သီတင်းပတ်အထိ မိုးရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်းစွန်း ကျူရှူးကျွန်း (Kyushu) မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ်တွေကြောင့် လူဦးရေတစ်သန်းကျော်ကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

(Photo: Kyodo News via AP)

ကျူရှူးကျွန်းရှိ ကာဂိုရှီမာနဲ့ မီယာဇာကီ စီရင်စုတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို ချက်ချင်းရွှေ့ပြောင်းရန် တိုက်တွန်းခဲ့ပါတယ်။ ကာဂိုရှီမာမြို့မှာ ရွှံ့နွံများ နေအိမ်ပေါ်ကိုပြိုကျမှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရေကြီးမြေပြိုမှုအတွင်း အခြား လူတစ်ဦး ပျောက်ဆုံးနေကြောင်း Reutes သတင်းက ပြောပါတယ်။



(Photo: Kyodo News via AP)

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ရေကြီးမြေပြိုမှု ဖြစ်ပေါ်နိုင်တဲ့ မြို့တွေမှာနေထိုင်ကြသူတွေကို အသက်အန္တရာယ် ကာကွယ်ရန်အတွက် ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ကြရန် ပြောခဲ့ပါတယ်။ ကာဂိုရှီမာစီရင်စုမှာ မိုးသည်းထန်ပြီး နောက်ဆက်တွဲ ရေကြီးမြေပြိုမှုများကို တုံ့ပြန်ဆောင်ရွက်ရာမှာ ပါဝ်ကူညီပေးရန် ဂျပန်တပ်ဖွဲ့တွေထံ အကြောင်းကြားထားတယ်လို့ အုပ်ချုပ်ရေးမှူး ဆာတိုရှီ မီတာဇိုနိုက ဆိုပါတယ်။

(Photo: EPA)

ကာဂိုရှီမာ၊ ကီရီရှီမာနဲ့ အိုင်ရာမြို့တွေမှာ နေထိုင်ကြသူအားလုံးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကျူရှူးကျွန်းတောင်ပိုင်းရှိ လူဦးရေ ၉၃၀,၀၀၀ ကိုလည်း အလားတူ ရွှေ့ပြောင်းကြရန် အကြံပြုထားတယ်လို့ သိရပါတယ်။

ကျူရှူးကျွန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့ (ဇွန် ၂၈ ရက်) ကတည်းက မိုးသည်းထန်နေခဲ့ပြီး မိုးရေချိန် ၃၉ လက်မရှိခဲ့ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။ မိုးရွာသွန်းမှုတွေဟာ လာမယ့် သီတင်းပတ်အထိ ဆက်လက် ဖြစ်ပေါ်နေနိုင်ကြောင်းလည်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

(Photo: Kyodo News via AP)

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ယမန်နှစ် ဇူလိုင်လက ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ဖူးပြီး လူ ၂၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ထိုစဉ်က လူသေဆုံးမှုဟာ ဂျပန်မှာ ၁၉၈၂ ခုနှစ်နောက်ပိုင်း မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် အများဆုံး သေဆုံးမှုအရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။ ဂျပန်မှာ ယမန်နှစ် ဇူလိုင်လ ရေကြီးမှုတွေကြောင့် လူဦးရေ နှစ်သန်းခန့် ရွှေ့ပြောင်းခဲ့ရပါတယ်။

Share

Loading Next Article...
က္က