ဘီဟာပြည်နယ်ရှိ အစိုးရဆေးရုံမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယအရှေ့ပိုင်းဒေသရှိ ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ် ကုသဆောင်ထဲအထိ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇူလိုင် ၃၀ ရက်) ပြောပါတယ်။



အိန္ဒိယဆေးရုံ လူနာဆောင်မှာ ရေကြီးနေမှု (Photo: AFP)



ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ ဘီဟာပြည်နယ် ပတ်နာမြို့ရှိ Nalanda Medical College and Hospital (NMCH) အစိုးရဆေးရုံမှာ ဆရာဝန်တွေက ဒူးခေါင်းအထိနစ်မြုပ်နေတဲ့ ရေတွေထဲမှာ ဖြတ်သန်းသွားလာပြီး လူနာတွေကို လှည့်လည်စစ်ဆေးနေပုံအား ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ရုပ်မြင်သံကြားသတင်းထဲမှာ လူနာချို့ကို ရွှေ့ပြောင်းစေခဲ့ပြီး ဆေးရုံဝန်ထမ်းတွေက ရေစုပ်စက်ဖြင့် ရေများစုပ်ထုတ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် လူနာကုတင်တွေအောက်ရှိ ရေတွေထဲမှာ ငါးတစ်ကောင်ကို လူငယ်တစ်ဦးက ဖမ်းယူနေပုံနဲ့ ငါးများ ကူးခတ်သွားလာနေတဲ့ ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ရေကြီးနေတဲ့ အိန္ဒိယဆေးရုံ (Photo: The Hindu)



အိန္ဒိယမှာ ယခုနှစ် မုတ်သုံရာသီအတွင်း မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၁,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယအစိုးရက အဓိက လုပ်ဆောင်နေမှုဟာလည်း ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးသာ ဖြစ်နေပြီး စောလျင်စွာသတိပေးမှု အားနည်းကြောင်းနဲ့ ကြိုတင်ကာကွယ်ရေးကိုလည်း အာရုံစိုက်မှု အလွန်နည်းကြောင်း ဝေဖန်ကြပါတယ်။

ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာပါ ရေကြီးနေတဲ့ ဘီဟာပြည်နယ်မှာ မိုးဆက်လက်ရွာသွန်းနေမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ဘီဟာနဲ့အိမ်နီးချင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ ပြီးခဲ့တဲ့ လေးရက်အတွင်း မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများ၊ ရေနစ်မှုများနဲ့ အဆောက်အအုံ ပြိုကျမှုတွေကြောင့် လူ ၈၀ သေဆုံးခဲ့ပါတယ်။

ရေကြီးနေတဲ့ အိန္ဒိယဆေးရုံအတွင်း မြင်ကွင်း (Photo: AFP)



အူတာပရာဒက်ရှ် ပြည်နယ်အတွင်းရှိမြစ်များ မြစ်ရေလျှံတက်နေကြောင်း မိုးလေဝသဌာနက ပြောထားပါတယ်။ "လာမယ့် တစ်ပတ်က အရေးအကြီးဆုံးပါပဲ၊ တစ်ကယ်လို့ မြစ်ရေတွေသာ အခုအတိုင်း ဆက်လက်မြင့်တက်နေရင် ရေကြီးတာပိုဆိုးလာပါလိမ့်မယ်" လို့ ပြည်နယ်အစိုးရ ကယ်ဆယ်ရေးဌာန အကြီးအကဲ ဆန်ဂျေးကူးမားက ပြောပါတယ်။

ဘီဟာပြည်နယ်ရှိ အစိုးရဆေးရုံမှာ ရေကြီးနေမှု (Photo: PTI)



ယမုံနာမြစ်မှာလည်း မြစ်ရေများမြင့်တက်နေတာကြောင့် မြစ်ကမ်းပါးအနီးနဲ့ ဒေလီပတ်ဝန်ကျင်းမှာ နေထိုင်ကြတဲ့ ဒေသခံ ၁၀,၀၀၀ ကျော်ကို ရေဘေးလွတ်နိုင်တဲ့ ကုန်းမြင့်နေရာတွေကို ရွှေ့ပြောင်းထားကြောင်း သိရပါတယ်။

မုတ်သုံမိုးများ သည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ ဒေသတွေမှာ နေအိမ်ပျက်စီးမှုတွေ ဖြစ်ခဲ့ပြီး လူအများအပြား ရေဘေးလွတ်တဲ့ ကုန်းမြင့်နေရာတွေကို ရွှေ့ပြောင်းနေခဲ့ကြရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က