မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၄၀ ခန့် ပျောက်ဆုံးနေပါတယ်။

မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေနိုင်ငံတို့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇင်ဘာဘွေနိုင်ငံ အရှေ့ပိုင်းဒေသမှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံးပြီး တံတားနဲ့ နေအိမ်များ ပျက်စီးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Ministry of Information, Publicity & Broadcasting of Zimbabwe)

ဆိုင်ကလုန်းမုန်တိုင်း Idai တိုက်ခတ်ခဲ့မှုကြောင့် မိုဇမ်ဘစ်နိုင်ငံနဲ့ နယ်စပ်ရှိ Manicaland ပြည်နယ် နေရာဒေသတွေမှာ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။ ယခု မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၄၀ ခန့် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ တောင်စောင်းနေရာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ကယ်ဆယ်ရေးအဖွဲ့ကို စောင့်ဆိုင်းနေကြပါတယ်။ သို့သော် လေပြင်းများတိုက်ခတ်နေမှုကြောင့် ရဟတ်ယာဉ်ပျံသန်းရန် အဟန့်အတား ဖြစ်နေခဲ့ပါတယ်။


(Photo: Reuters)

ထို့အတူ ဆိုင်ကလုန်း Idai က ကြာသပတေးနေ့ (မတ်လ ၁၄ ရက်) မှာ မိုဇမ်ဘစ်နိုင်ငံ ကုန်းတွင်းပိုင်းကိုလည်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ မိုဇမ်ဘစ်နိုင်ငံမှာ မုန်တိုင်းမဝင်မီကတည်းက ရေကြီးမှုတွေ ဖြစ်ပွားခဲ့နေခဲ့ပြီး လူ ၇၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဇင်ဘာဘွေမှာတော့ မုန်တိုင်းတိုက်ခတ်မှုကြောင့် Chimanimani မြို့ငယ်လေးဟာ Manicaland ပြည်နယ်ရဲ့ ကျန်ှရှိတဲ့ နေရာဒေသတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဇင်ဘာဘွေ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

(Photo: Ministry of Information, Publicity & Broadcasting of Zimbabwe)

ဇင်ဘာဘွေစစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအအရ ကယ်ဆယ်ရေးအဖွဲ့တွေက မုန်တိုင်းဒဏ်သင့်နေရာတွေကို ရောက်ရှိနိုင်ရန် ဆက်လက် ကြိုးပမ်းနေကြပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဆိုင်ကလုန်း Idai က မိုဇမ်ဘစ်နိုင်ငံကို လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၆ မိုင်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(Map: BBC)

မိုဇမ်ဘစ်ရဲ့ အကြီးဆုံးမြို့တစ်မြို့နဲ့ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Beira ရှိ ဒေသခံ ၅၀၀,၀၀၀ ကျော်ဟာ မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် လမ်းမများ ရေလွှမ်းသွားခဲ့ပြီး လေဆိပ်လည်း ပိတ်ထားရကြောင်း သိရပါတယ်။ မိုဇမ်ဘစ်မှာ ၂၀၀၀ ပြည့်နှစ်အတွင်း တိုက်ခတ်ခဲ့တဲ့ Eline အပါအဝင် အားကောင်းတဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ ကြုံခဲ့ရဖူးပါတယ်။ Eline မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၃၅၀ သေဆုံးခဲ့ပြီး လူဦးရေ ၆၅၀,၀၀၀ နေအိမ်စွန့်ခွာခဲ့ကြရပါတယ်။ 

ထပ်မံသိရတဲ့ သတင်းအရ ဆိုင်ကလုန်းမုန်တိုင်း Idai တိုက်ခတ်ခဲ့မှုကြောင့် မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေနိုင်ငံတို့မှာ သေဆုံးသူအရေအတွက် ၁,၀၀၀ အထိ ရှိလာနိုင်ကြောင်းနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က