တိုင်ဖွန်းမုန်တိုင်းမေဆက်ခ် တိုက်ခတ်မှုအတွင်း ဂျပန်ကမ်းလွန်မှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်းမေဆက်ခ် တိုက်ခတ်မှုအတွင်း သင်္ဘောသား ၄၃ ဦးနဲ့ ကျွဲနွားတိရိစ္ဆာန် အကောင်ရေ ၆,၀၀၀ နီးပါး တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ကြောင်း သိရပါတယ်။

(ပထမဆုံး သင်္ဘောသားတစ်ဦးကို ကယ်ဆယ်ခဲ့စဥ်) (Photo : Japan coastguard/Reuters)

စက်တင်ဘာ ၄ ရက် နှောင်းပိုင်းအထိ အဆိုပါ သင်္ဘောနစ်မြုပ်မှုမှ သင်္ဘောသားနှစ်ဦးကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အခြား သင်္ဘောသားတွေနဲ့ တင်ဆောင်လာတဲ့ တိရိစ္ဆာန်တွေ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အသက်ကယ်အင်္ကျီဝတ်ထားတဲ့ သင်္ဘောသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် အသက်ကယ်ရော်ဘာဖောင်ဖြင့် မျောပါနေတဲ့ နောက်ထပ် သင်္ဘောသားတစ်ဦးကိုလည်း အသက်ရှင်လျက် တွေ့ရှိကယ်ဆယ်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ ပြောကြားမှုအရ သင်္ဘောနစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။



ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တဲ့ နောက်ထပ်သင်္ဘောသားတစ်ဦးကတော့ သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။ Gulf Livestock 1 အမည်ရှိ ကုန်တင်သင်္ဘောဟာ တိုင်ဖွန်းမေဆက်ခ် (Typhoon Maysak) တိုက်ခတ်မှုကြုံခဲ့ရပြီးနောက် အရှေ့တရုတ်ပင်လယ်ကနေ ဘေးအန္တရာယ်ကျရောက်ကြောင်း အချက်ပြမှု ထုတ်လွှင့်ပေးပို့ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေနဲ့ သင်္ဘောကို ဆက်လက် ရှာဖွေနေပေမဲ့ နောက်ထပ် အသက်ရှင်ကျန်သူတွေကို ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

(အသက်ရှင်လျက်တွေ့ရသည့် ဒုတိယမြောက် သင်္ဘောသား) (Photo: Japan Coastguard)

မုန်တိုင်းတိုက်စဥ် နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောပေါ်မှာ ဖိလစ်ပိုင်မှ သင်္ဘောသား ၃၉ ဦး၊ နယူးဇီလန်မှ နှစ်ဦးနဲ့ ဩစတြေးလျမှ နှစ်ဦး လိုက်ပါသွားခဲ့ပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲက ပထမဆုံး ကယ်ဆယ်နိုင်ခဲ့တဲ့ သင်္ဘောသားဟာ ဖိလစ်ပိုင်မှဖြစ်ပြီး ၎င်းရဲ့အဆိုအရ သင်္ဘောဟာ မုန်တိုင်းတိုက်နေစဥ် လှိုင်းလုံးတစ်ခု ရိုက်ခတ်ခံရပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၄၅ နှစ်အရွယ် ဖိလစ်ပိုင် သင်္ဘောအရာရှိ Eduardo Sareno က ပြောကြားမှုအရ သင်္ဘောသားတွေကို အသက်ကယ်အင်္ကျီဝတ်ပြီး ရေထဲသို့ ခုန်ချရန် ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းကို ဂျပန်ကမ်းခြေစောင်တပ်ဖွဲ့က ကယ်ဆယ်ခဲ့ချိန်အထိ အခြား သင်္ဘောသားတွေကို မတွေ့ခဲ့ဘူးလို့လည်း Eduardo Sareno က ပြောပါတယ်။ ဒုတိယမြောက် အသက်ရှင်လျက် တွေ့ရှိကယ်ဆယ်ခဲ့တဲ့ သင်္ဘောသားကလည်း ဖိလစ်ပိုင်မှဖြစ်ပြီး အသက် ၃၀ နှစ်အရွယ်ဖြစ်ကြောင်း သိရပါတယ်။

(Gulf Livestock 1 သင်္ဘော) (Photo : Graham Flett/AP)

Gulf Livestock 1 ကုန်တင်သင်္ဘောဟာ နယူးဇီလန်နိုင်ငံကနေ ဩဂုတ် ၁၄ ရက်မှာ စတင်ထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသို့ ဦးတည်ခုတ်မောင်းလာခဲ့ကြောင်းနဲ့ ခရီးစဥ်ဟာ ၁၇ ရက်ကြာမယ်လို့ ခန့်မှန်းထားခဲ့ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂ ရက်) ညပိုင်းမှာတော့ ဂျပန်အနောက်တောင်ပိုင်း Amami Oshima ကျွန်းအနီး ပင်လယ်ပြင်မှ အဆိုပါ သင်္ဘောထံကနေ ဘေးအန္တရာယ်ကျရောက်ကြောင်း အချက်ပြဆက်သွယ်မှု ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ပနားမား အလံလွှင့်ထားတဲ့ Gulf Livestock 1 ကုန်တင်သင်္ဘောဟာ ပေ ၄၅၀ ရှည်ပြီး ၂၀၀၂ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒေသတွင်း တိုင်ဖွန်းမုန်တိုင်းကြောင့် လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ ဖြစ်ပေါ်နေခဲ့ရာ ကုန်တင်သင်္ဘော နစ်မြုပ်မှုမှ အသက်ရှင်သူတွေကို ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးမှုကြုံနေခဲ့ရကြောင်း BBC သတင်းက ပြောပါတယ်။

(မုန်တိုင်းကြောင့် ပြိုကျနေသည့် ဘူဆန်ဆိပ်ကမ်းမှာ ကုန်သေတ္တာများ) (Photo: EPA)

တိုင်ဖွန်းမေဆက်ခ်ဟာ အရှေ့တရုတ်ပင်လယ်ပြင်မှာ ရွေ့လျားတိုက်ခတ်ခဲ့ပြီးနောက် ယနေ့ (စက်တင်ဘာ ၃ ရက်) မနက်အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကို ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တိုင်ဖွန်းမေဆက်ခ်ဟာ ဘူဆန်မြို့ကို လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၈၇ မိုင်ဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် ဂျပန်ပင်လယ်ပြင် (Sea of Japan) အတွင်း ဆက်လက် ရွေ့လျားတိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဘူဆန်မြို့မှာ အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး လူဦးရေ ၂,၂၀၀ ကျော်ကို ရွှေ့ပြောင်းထားခဲ့ရပါတယ်။ တိုင်ဖွန်းမေဆက်ခ်ဟာ မြောက်ကိုရီးယားနိုင်ငံ North Hamgyong ပြည်နယ် Kimchaek မြို့ကို ဆက်လက် ဝင်ရောက်မယ်လို့ ခန့်မှန်ထားခဲ့ကြောင်း သိရပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အသစ်များ ရှိလာနိုင်ပါတယ်)

Share

Loading Next Article...
က္က