နီပေါ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။
Ko John

တောင်အာရှဒေသမှာ မုတ်သုန်မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

(Photo: Narendra Shrestha/EPA)

ဇွန်လမှ စက်တင်ဘာအထိ မုတ်သုန်ရာသီအတွင်း တောင်အာရှဒေသတစ်ဝှမ်းမှာ လူသေဆုံးမှုနဲ့ ပျက်စီးမှုတွေ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရပါတယ်။ နီပေါနိုင်ငံ အရှေ့ပိုင်းနယ်မြေနဲ့ တောင်ပိုင်းလွင်ပြင်တွေမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။ ရကြေီးမြေပြိုမှုများအတွင်း လူ ၁၁ ဦး ဒဏ်ရာရပြီး အခြား ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ နီပေါရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Bishwaraj Pokharel က ပြောပါတယ်။ နီပေါမြို့တော် ခတ္တမန္ဓူမြို့မှာလည်း နံရံတစ်ခုပြိုကျမှုကြောင့် လူသုံးဦး သေဆုံးခဲ့ပါတယ်။

"ကျွန်တော်တို့ ပထမ ဦးစားပေးဆောင်ရွက်မှာကတော့ အသက်ကယ်ဖို့ပါပဲ၊ ကျွန်တော်တို့ရဲ့ လူအင်အား၊ ယာဉ်နဲ့ စက်တပ်လှေ စသဖြင့် ကယ်ဆယ်ရေးအတွက် လိုအပ်နိုင်တာ အားလုံးကို ချထားပြီပါပြီ" လို့ နီပေါ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ Umakanta Adhikari က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Prakash Mathema/AFP)

နီပေါမှာ မြစ်ရေများလျှံတက်မှုကြောင့် နေအိမ်များ ရေလွှမ်မိုးခံရတဲ့ နေရာတွေမှာ နေထိုင်ကြသူတွေကို ရဲတပ်ဖွဲ့က လှေများဖြင့် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ရေကြီးမှုဖြစ်ပွားတဲ့ နေရာတွေမှာ မိဘတွေက ကလေးငယ်တွေကို ၎င်းတို့ပခုံးပေါ်မှာ ထမ်းပိုးလျက် ရင်ဘတ်အထိရောက်နေတဲ့ ရေတွေထဲမှာ ဖြတ်သန်းသွားလာနေကြတာလည်း တွေ့ရတယ်လို့ AFP က ပြောပါတယ်။ နီပေါ မိုးလေဝသဌာနက နိုင်ငံတောင်ပိုင်းရှိ Sapta Koshi မြစ်မှာ မြစ်ရေကြီးမှု သတိပေးချက်ကို အဆိုပါမြစ်အနီး နေထိုင်ကြသူတွေထံ စနေနေ့ (ဇူလိုင် ၁၃ ရက်) က SMS ပေးပို့ခဲတယ်လို့ သိရပါတယ်။

(Photo: EPA-EFE)

နီပေါနဲ့အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ Assam နဲ့ Arunachal Pradesh တို့မှာလည်း မုတ်သုန်မိုးသန်းထန်ပြီး ရေကြီးမှုတွေကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက သောကြာနေ့ (ဇူလိုင် ၁၂ ရက်) မှာ ပြောပါတယ်။ Assam ပြည်နယ်ရဲ့ ခရိုင် ၂၁ ခုမှာ ရေကြီးနေပြီး လူဦးရေထောင်ပေါင်းများစွာ ရေဘေးသင့်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုများအတွင်း နိုင်ငံအရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းတွေမှာ ကလေးတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ယမန်နှစ်က မုတ်သုန်ကာလအတွင်း တောင်အာရှဒေသမှာ လူဦးရေ ၁,၂၀၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် (Kerala) ဟာ နှစ်ပေါင်း ၁၀၀ နီးပါအတွင်း အဆိုးဆုံး ရေကြီးမှုကြုံခဲ့ရပါတယ်။


က္က