အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန် နိုင်ငံတို့မှာ သေဆုံးမှုတွေရှိခဲ့ပါတယ်။

မုတ်သုန်ရာသီကာလ ပြင်းထန်တဲ့ ရေကြီးမှုတွေနဲ့ မိုးကြိုပစ်ခြင်းတို့ကြောင့် တောင်အာရှဒေသရှိ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန် နိုင်ငံတို့မှာ သေဆုံးသူအရေအတွက် ၇၀၀ နီးပါးအထိ မြင့်တက်လာခဲ့ကြောင်း ဇူလိုင် ၂၂ ရက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

(အိန္ဒိယ ဘီဟာပြည်နယ်မှာ ရေကြီးနေမှု) (Photo: Getty Images/CNN)

မုတ်သုန်မိုးများသည်းထန်ပြီး ရေကြီးမှုတွေကို တောင်အာရှ နိုင်ငံတွေမှာ လူဦးရေ ၁၀ သန်းကျော် ကြုံနေရပြီး လူဦးရေ သောင်းနဲ့ချီ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ အန္ဒိယမှာ ဇူလိုင်လဆန်းကတည်းက မိုးသည်းထန်နေခဲ့ပြီး ရေကြီးမြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၄၆၇ ဦး သေဆုံးခဲ့ပြီး အူတာပရာဒက်ရှ်၊ ဘီဟာနဲ့ အာဆမ်ပြည်နယ်များရှိ နေရာဒေသ အများအပြားဟာ ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ (ဇူလိုင် ၂၁ ရက်) က အူတာပရာဒက်ရှ်မှာ မိုးကြိုးပစ်မှုတွေကြောင့် မတူညီတဲ့နေရာတွေမှာ လူ ၃၇ ဦး သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာဌာန တာဝန်ရှိသူက AFP ကို ပြောပါတယ်။ လက်ရှိအချိန်အထိ အူတာပရာဒက်ရှ်ပြည်နယ်မှာ မုတ်သုန်ကာလ ရာသီဥတုဆိုးရွားမှုနဲ့ ဆက်နွယ်နေတဲ့ သေဆုံးသူအရေအတွက် ၂၂၈ ဦးအထိ ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။

(ပါကစ္စတန် လာဟိုးမြို့မှာ ရေကြီးနေမှု) (Photo: AFP)

ဘီဟာပြည်နယ် Nawada ဒေသမှာလည်း သောကြာနေ့ (ဇူလိုင် ၁၉ ရက်) က ကွင်းပြင်မှာ ကစားနေကြတဲ့ ကလေးငယ်ရှစ်ဦး မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ကာ ထိုပြည်နယ်မှာ သေဆုံးသူဦးရေ ၁၀၀ ကျော်ရှိလာခဲ့ပါတယ်။ ဘီဟာပြည်နယ်မှာ မြစ်ရေလျှံမှုတွေဖြစ်ပြီး လူများ၊ နေအိမ်များနဲ့ ကျွဲနွားတိရိစ္ဆာန်များ ရေထဲမျောပါမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အလားတူ အာဆမ်ပြည်နယ်မှာလည်း ရာသီဥတုဆိုးရွားခဲ့မှုအတွင်း လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။ အာဆမ်မှာ လာမယ့် ရက်များအတွင်း မိုးရွာသွန်းမှုလျော့ကျသွားမယ်လို့ ခန့်မှန်းထားပြီး ရာသီဥတုအခြေအနေ ကောင်းမွန်လာဖွယ်ရှိကြောင်း သိရပါတယ်။

(အိန္ဒိယ ဘီဟာပြည်နယ်မှာ ရေကြီးနေမှု) (Photo: Getty Images/CNN)

သို့သော် အိန္ဒိယတောင်ပိုင်း ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ ကီရာလာမှာတော့ အချို့နေရာတွေမှာ အလွန်အမင်း မိုးသည်းထန်နိုင်ကြောင်း ဇူလိုင် ၂၂ ရက်နေ့မှာ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အခြား အိန္ဒိယကမ်းရိုးတန်း ပြည်နယ်တွေဖြစ်ကြတဲ့ ကာနတ်တာကာ၊ အနောက်ဘင်ဂေါနဲ့ ဟိမဝန္တာဒေသရှိ ဆစ်ခ်ကမ်ပြည်နယ်တွေမှာလည်း မိုးသည်းထန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မဟာရက်ရှ်ထရာနဲ့ ဟီမာချဲလ်ပရာဒက်ရှ် ပြည်နယ်တွေမှာလည်း မိုးသည်းထန်ပြီး အဆောက်အအုံ ပြိုကျမှုတွေကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။

(အိန္ဒိယ အနောက်ဘင်ဂေါပြည်နယ်မှာ ရေကြီးနေမှု) (Photo: AFP)

အိန္ဒိယနဲ့အိမ်နီးချင်း နီပေါနိုင်ငံမှာတော့ မိုးသည်းထန်ပြီး ရာသီဥတုဆိုးရွားမှုများအတွင်း လူ ၉၀ သေဆုံးခဲ့ပြီး နောက်ထပ် ၂၉ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ ထို့အတူ ရေကြီးမှုတွေဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာလည်း ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း လူ ၉၇ ဦးကျော် သေဆုံးခဲ့ပြီး အများစုဟာ ရေနစ်မှုနဲ့ မိုးကြိုးပစ်မှုတို့ကြောင့် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ လယ်ယာစိုက်ပျိုး မြေနေရာတွေ ရေမြုပ်နေခဲ့ပါတယ်။ ပါကစ္စတန်မှာလည်း မိုးသည်းထန် ရေကြီးမှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။


Share

Loading Next Article...
က္က