ထိပ်တန်းအရာရှိတစ်ဦးကို သတ်မှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သြစတြေးလျမှာ ထိပ်တန်းရဲအရာရှိတစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ၁၉ နှစ်ကြာ မှားယွင်းအကျဉ်းချခံရသူ အမျိုးသားတစ်ဦး နစ်နာကြေး သြစတြေးလျဒေါ်လာ ၇ သန်း (အမေရိကန်ဒေါ်လာ ၄.၈ သန်း) ရရှိခဲ့ကြောင်း သိရပါတယ်။

(ACT တရားရုံးချုပ်) (Photo: ABC)

ဒေးဗစ်အိစ်မန်း အမည်ရှိ အမျိုးသားအား ရဲအရာရှိ ကောလင်းဝင်ချက်စတာကိုသတ်မှုဖြင့် ၁၉၉၅ ခုနှစ်မှာ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ကောလင်းဝင်ချက်စတာဟာ သြစတြေးလျရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီးတစ်ဦးလည်း ဖြစ်ပါတယ်။



ဒေးဗစ်ကို ထိုအမှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မျှတတဲ့ ကြားနာစစ်ဆေး စီရင်မှုမဟုတ်ကြောင်း တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့ကာ ၎င်းကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်မလွတ်ခင်အထိ ဒေးဗစ်ဟာ ထောင်ထဲမှာ ၁၉ နှစ်ကြာ နေခဲ့ရကြောင်းသိရပါတယ်။

(အသတ်ခံရသည့် ရဲအရာရှိ ကောလင်းဝင်ချက်စတာ) (Photo: ACT Police/9News)

သြစတြေးလျ ထိပ်တန်းရဲအရာရှိ ကောလင်းဝင်ချက်စတာ အသတ်ခံရမှုကိုတော့ လက်ရှိအချိန်အထိ မဖြေရှင်းနိုင်သေးဘူးလို့ ဆိုပါတယ်။ ကောလင်းဝင်ချက်စတာ အသတ်ခံရမှုဟာ သြစတြေးလျ ဥပဒေဆိုင်ရာနဲ့ နိုင်ငံရေးနယ်ပယ်မှာ လှုပ်ခတ်မှုတွေရှိခဲ့ပြီး နိုင်ငံရဲ့ အကြီးဆုံး ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုများအနက် တစ်ခုဖြစ်ခဲ့ပါတယ်။

ထိုလူသတ်မှုအတွက် မှားယွင်းပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ လက်ရှိ အသက် ၇၄ နှစ်အရွယ် ဒေးဗစ်ကို Australian Capital Territory (ACT) အစိုးရက အစောပိုင်းမှာ အစောပိုင်းမှာ နစ်နာကြေး သြစတြေးလျဒေါ်လာ ၃.၈ သန်း (အမေရိကန်ဒေါ်လာ ၂.၆ သန်း) ပေးအပ်ရန် ကမ်းလှမ်းခဲ့ရာ ဒေးဗစ်က ပယ်ချခဲ့ပြီး ထိုပမာဏထက် ပိုမိုရရှိရန် အရေးဆိုခဲ့ပါတယ်။

(ဒေးဗစ်ကို ဖမ်းဆီးခဲ့စဉ်) (Photo: Graham Tidy/Fairfax Media)

ACT တရားရုံးချုပ်မှာ အစောပိုင်းကြားနာမှုအရ ဒေးဗစ်ဟာ ထောင်ကျနေခဲ့တာကြောင့် မိသားစုတစ်ခုနဲ့ အလုပ်အကိုင်ရရှိရန် အခွင့်အလမ်း ဆုံးရှုံးခဲ့ရကြောင်း တင်ပြခဲ့ပါတယ်။ ထောင်ထဲမှာ ၁၉ နှစ်ကြာ အကျဉ်းကျခံနေရစဉ် ဒေးဗစ်ရဲ့မိခင်နဲ့ ၎င်းထက်ငယ်တဲ့ မွေးချင်းနှစ်ဦး ကွယ်လွန်သွားခဲ့ပါတယ်။

"သူ့ဘဝရဲ့ အရေးပါတဲ့အရာ အတော်များများ သူ ဆုံးရှုံးခဲ့ရပါတယ်" လို့ ဒေးဗစ်ရဲ့ရှေ့နေ Sam Tierney က ACT တရားရုံးချုပ် အပြင်ဘက်မှာ အောက်တိုဘာ ၁၄ ရက်နေ့က ပြောပါတယ်။ ရဲအရာရှိ ကောလင်းဝင်ချက်စတာဟာ ၁၉၈၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က ကန်ဘာရာမြို့ရှိ မိသားစုနေအိမ် အပြင်ဘက်မှာ ၎င်းရဲ့ကားထဲမှ အပြင်ကိုထွက်လိုက်စဉ် ဦးခေါင်းကို သေနတ်ဖြင့် နှစ်ချက်အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

(ACT တရားရုံးချုပ်မှ ပြန်ထွက်လာသည့် ဒေးဗစ်) (Photo: The Australian)

၎င်းဟာ သြစတြေလျးမှာ အသတ်ခံရတဲ့ ရာထူးအကြီးဆုံး ရဲအရာရှိတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ရဲအရာရှိ ကောလင်းဝင်ချက်စတာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရာဇဝတ်ပြစ်မှုတစ်ခုကို ကိုင်တွယ်ဆောင်ရွက်မှုအပေါ် မကျေနပ်တာကြောင့် ရဲတပ်ဖွဲ့ကို ခြိမ်းခြောက်ခဲ့ဖူးသူ ဒေးဗစ်ကို သံသယရှိခဲ့ကြပါတယ်။

ထို့နောက် ဒေးဗစ်ကို ၁၉၉၂ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ရာ ၎င်းက အဆိုပါ ပြစ်ဒဏ်ကို အယူခံဝင်ရင်း ထောင်ထဲမှာ ၁၉ နှစ်ကြာခဲ့ပါတယ်။ ဒေးဗစ်က ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၅ နဲ့ ၂၀၀၈ ခုနှစ်တွေမှာ အယူခံဝင်ခဲ့ပေမဲ့ အားလုံးရှုံးနိမ့်ခဲ့ပါတယ်။ သို့သော် ဒေးဗစ်က ဇွဲမလျော့ဘဲ ဆက်လက် အယူခံဝင်ခဲ့ရာ ၂၀၁၄ ခုနှစ်မှာ အယူခံအောင်မြင်ခဲ့ပြီး ထောင်မှပြန်လွတ်လာခဲ့ပါတယ်။

(ရဲအရာရှိ ဝင်ချက်စတာ ပစ်သတ်ခံရသည့်နေရာ) (Photo: ABC)

တရားရုံး ကြားနာစစ်ဆေးမှုအရ ဒေးဗစ်ဟာ ၎င်းရဲ့အမှုကိစ္စမှာ အသုံးပြုခဲ့တဲ့ ရဲတပ်ဖွဲ့ထံမှ သက်သေအထောက်အထား အားနည်းချက်ကြောင့် မှားယွင်းတရားစီရင်မှုကို ခံစားခဲ့ရကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ရဲအရာရှိ ကောလင်းဝင်ချက်စတာ အသတ်ခံရမှုဖြင့် ဒေးဗစ်ကို ဒုတိယအကြိမ် တရားရုံးကြားနာစစ်ဆေးမှုကို ယမန်နှစ်အတွင်း ပြုလုပ်ခဲ့ပြီး မျက်မြင်သက်သေ ၁၀၀ ကျော် ပါဝင်ထွက်ဆိုခဲ့ကြကာ ဒေးဗစ်ကို တရားရုံးက အပြစ်မရှိကြောင်းဆုံးဖြတ်ပြီး တရားသေလွှတ်ခဲ့ပါတယ်။ အမှုကိစ္စမှ တရားသေလွတ်မြောက်လာခဲ့ပြီး မကြာမီမှာပင် ဒေးဗစ်က မှားယွင်းထောင်ချခံခဲ့ရမှုအတွက် နစ်နာကြေးရရှိရန် ဥပဒေကြောင်းအရ အရေးဆိုခဲ့ကြောင်း သိရပါတယ်။

Source: ABC, The Guardian


ဆက်စပ်အကြောင်းအရာများ



က္က