မွမ်ဘိုင်းနဲ့ ပတ်ဝန်းကျင်နေရာတွေမှာ အန္တရာယ်သတိပေးချက်ကို အနီရောင်အဆင့် ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ အဆောက်အအုံ ပြိုကျမှုဖြစ်ပွားခဲ့မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Reuters)

မွမ်ဘိုင်းမြို့တောင်ပိုင်းရှိ မိသားစုငါးခု သို့မဟုတ် ခြောက်ခု နေထိုင်ကြတဲ့ အထပ်ခြောက်ထပ်ပါ အဆောက်အအုံ ပြိုကျခဲ့မှုအတွင်း လူခြောက်ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ မိသားစုတွေကို ရွှေ့ပြောင်းကြရန် ပြောထားခဲ့ပြီး အဆောက်အအုံကို ပြုပြင်နေခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေက ရုပ်မြင်သံကြားသတင်းဌာနတွေကို ပြောခဲ့ပါတယ်။



ခြောက်ထပ်တိုက် ပြိုကျမှုဖြစ်ပွားပြီးနောက် ယမန်နေ့ (ဇူလိုင် ၁၆ ရက်) ညနေပိုင်းမှ ယနေ့ (ဇူလိုင် ၁၇ ရက်) မနက်ပိုင်းက သေဆုံးသူ ခုနစ်ဦးရဲ့အလောင်းတွေကို အပျက်အစီးများထဲမှ ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

အဆောက်အအုံ အပျက်အစီးများအောက်မှာ လူအချို့ ပိတ်မိနေခဲ့ပြီး ပြိုကျမသွားဘဲ ကျန်ရှိနေသေးတဲ့ အဆောက်အအုံဘက်ခြမ်းမှာတော့ လူအများအပြား သောင်တင်နေခဲ့ကြောင်း မွမ်ဘိုင်းမီးသတ်တပ်ဖွဲ့ အကြီးအကဲ P.S. Rahangdale က ပြောခဲ့ပါတယ်။ "နောက်တစ်ကြိမ် ပြိုကျမှု ထပ်ဖြစ်နိုင်တဲ့ အန္တရာယ်ရှိနိုင်ပါသေးတယ်" လို့ ၎င်းက ဆိုပါတယ်။ မွမ်ဘိုင်းမြို့အနောက်ပိုင်း Malad ဆင်ခြေဖုံးနေရာမှာလည်း အစောပိုင်းက နောက်ထပ် အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကြောင်းနဲ့ လူအချို့ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မွမ်ဘိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း အဆောက်အအုံ ပြိုကျမှုအန္တရာယ် နှစ်စဥ် သတိပြုရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မွမ်ဘိုင်းမြို့နဲ့ ပတ်ဝန်းကျင်နေရာတွေမှာ အန္တရာယ်သတိပေးချက်ကို လိမ္မော်ရောင်မှ အနီရောင်အဆင့်သို့ တာဝန်ရှိသူတွေက ဇူလိုင် ၁၆ ရက်နေ့မှာ တိုးမြှင့်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Source: Indian Express, NDTV


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က