မွမ်ဘိုင်းအာဏာပိုင်တွေက လူဦးရေ ခုနစ်ထောင်နီးပါးကို ကျပန်းရွေးချယ်ပြီး သွေးစစ်ဆေးခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ရှိ ဆင်းရဲသားရပ်ကွက်များရှိ လူဦးရေထက်ဝက်ထံမှာ COVID-19 ရှိနေကြောင်း ဇူလိုင် ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုရလဒ်က ပြောပါတယ်။

(Photo: BBC)

မွမ်ဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုရလဒ်က အိန္ဒိယအစိုးရရဲ့ တရားဝင် ကူးစက်ခံရသူ အရေအတွက်နဲ့ ပတ်သက်ပြီး သံသယရှိမှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် COVID-19 ကူးစက်မှု တတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၅ သန်းကျော်ရှိပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ စစ်ဆေးမှုမရှိတဲ့ အခြေအနေတွေကြောင့် အမှန်တစ်ကယ် ကူးစက်ခံရမှုဟာ အစိုးရက ထုတ်ပြန်ထားတဲ့ အရေအတွက်ထက် များစွာပိုမိုနိုင်ကြောင်း ယခင်ကတည်းက ပြောထားခဲ့ကြပါတယ်။



(Photo: AFP)

မွမ်ဘိုင်းမြို့ အာဏာပိုင်တွေက လူဦးရေ ၆,၉၃၆ ဦးကို ကျပန်းရွေးချယ်ပြီး သွေးနမူနာ ရယူစစ်ဆေးမှုများအရ ဆင်းရဲသားရပ်ကွက်မှာ နေထိုင်ကြသူတွေရဲ့ ၅၇ ရာခိုင်နှုန်းနဲ့ ဆင်းရဲသားရပ်ကွက်မှ မဟုတ်သူတွေရဲ့ ၁၆ ရာခိုင်နှုန်းထံမှာ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ပဋိပစ္စည်းများ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

မွမ်ဘိုင်းမြို့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြပြီး ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ထိုရပ်ကွက်နေ လူဦးရေ ၁၁၀,၀၀၀ ကျော် COVID-19 ကူးစက်ခံရပြီး ၆,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ လူဦးရေ သန်း ၂၀ နေထိုင်ကြတဲ့ အိန္ဒိယအနောက်ပိုင်းရှိ မွမ်ဘိုင်းမြို့မှာ နိုင်ငံရဲ့ အကြီးဆုံး ဆင်းရဲသားရပ်ကွက် Dharavi ရှိနေပြီး ထိုရပ်ကွက်မှာ ခန့်မှန်းခြေအားဖြင့် လူတစ်သန်း နေထိုင်ကြတယ်လို့ ဆိုပါတယ်။

(Photo: AFP)

သို့သော် မွမ်ဘိုင်းမြို့ရဲ့ ဆင်းရဲသားရပ်ကွက်မှာ COVID-19 ကြောင့် သေဆုံးသူဦးရေ အလွန်အမင်း များပြားခြင်းမရှိခဲ့ဘဲ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် အပြင်းအထန် အားထုတ်မှုတွေ ထိရောက်မှုရှိခဲ့တယ်လို့ ပြောပါတယ်။ မြို့အာဏာပိုင်တွေက ပြုလုပ်ခဲ့တဲ့ ယခု လေ့လာမှုအရ မွမ်ဘိုင်းမှာ ကူးစက်ခံရမှုတွေအနက် အများအပြားဟာ ရောဂါလက္ခဏာ မပြကြောင်းနဲ့ သေဆုံးမှုနှုန်း အလွန်နည်းလိမ့်မယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမြို့မှာလည်း သွေးနမူနာများရယူပြီး ပဋိပစ္စည်း ကျပန်းစစ်ဆေးမှုတွေအရ လူလေးဦးမှာတစ်ဦးနှုန်းနီးပါးက COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ လွန်ခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အစိုးရလေ့လာမှုရလဒ်က ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က