စမတ်ဦးထုပ်တစ်ခုရဲ့ ဈေးနှုန်းဟာ မြန်မာကျပ်ငွေ သိန်း ၁၁၀ ကျော် ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှာ COVID-19 ကူးစက်မှုများ မြင့်တက်နေရာ မြို့ရဲ့လူဦးရေထူထပ်တဲ့ ဆင်းရဲသားရပ်ကွက်များအတွင်း သံသယလူနာတွေကို စစ်ဆေးရှာဖွေမှုများ အရှိန်မြှင့်လုပ်ဆောင်ရန် အာဏာပိုင်တွေက အဆင့်မြင့်နည်းပညာသုံး စမတ်ဦးထုပ်များ (smart helmets) အသုံးပြုနေပါတယ်။

(Photo: AFP)

အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ ကိုယ်အပူချိန်တိုင်း စမတ်ဦးထုပ်တွေကို ယခင်က ဒူဘိုင်း၊ အီတလီနဲ့ တရုတ်တို့မှာ အသုံးပြုခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေက တစ်မိနစ်လျှင် ဒါဇင်နဲ့ချီတဲ့ လူတွေရဲ့ ကိုယ်အပူချိန်ကို စစ်ဆေးတိုင်းတာနိုင်ပါတယ်။ ကိုယ်အပူချိန်တိုင်း စမတ်ဦးထုပ်က မွမ်ဘိုင်းမြို့လူဦးရေ ၁၈ သန်းမှ COVID-19 သံသယလူနာတွေကို ရှာဖွေရာမှာ အဓိကကျတဲ့ ပစ္စည်းကိရိယာတစ်ခု ဖြစ်လာပါတယ်။



"ပုံမှန်တိုင်း ကိုယ်အပူချိန်တိုင်းတဲ့ နည်းစနစ်တွေက အချိန်အများကြီး ကြာပါတယ်၊ လူဦးရေ ၂၀,၀၀၀ ရှိတဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုကို သွားတဲ့အခါ လူ ၃၀၀ ကိုယ်အပူချိန်စစ်ဖို့ သုံးနာရီ ကြာပါတယ်" လို့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bharatiya Jain Sanghatana မှ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်း Neelu Jain က ပြောပါတယ်။

(Photo: The Hindu)

"ဒါပေမဲ့ ဒီ စမတ်ဦးထပ်တွေသုံးတဲ့အခါမှာတော့ လူတွေကို သူတို့ရဲ့အိမ်ထဲကနေ ထွက်လာစေမယ်၊ သူတို့နဲ့ မျက်နှာချင်းဆိုင်လိုက်ပြီးရင် ကိုယ်အပူချိန် စစ်ဆေးနိုင်ပါပြီ၊ ဒါဆိုရင် လူ ၆,၀၀၀ ကို နှစ်နာရီခွဲအတွင်း ကိုယ်အပူချိန်တိုင်းနိုင်ပါတယ်" လို့ Neelu Jain က AFP သတင်းဌာနကို ရှင်းပြပါတယ်။

အဆိုပါ စမတ်ဦးထုပ်တွေကို မွမ်ဘိုင်းမြို့နဲ့ အနီးအနားရှိ Pune မြို့တို့မှာ အသုံးပြုရန် လှူဒါန်းထားပြီး ထိုမြို့တွေမှာ COVID-19 ထိန်းချုပ်ရေး တစ်လကြာ lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်ထားခဲ့ပါတယ်။ သို့သော် တစ်မြို့စီမှာ စမတ်ဦးထုပ် နှစ်ခုသာ အသုံးပြုနိုင်သေးရာ သံသယူလူနာတွေကို ရှာဖွေဖော်ထုတ်ပြီး သီးခြားခွဲထားရန် အချိန်ကြာမယ်လို့ ဆိုပါတယ်။

(Photo: AFP)

ပြည်ပကနေ မှာယူတင်သွင်းရတဲ့ စမတ်ဦးထုပ်တစ်ခုရဲ့ ဈေးနှုန်းဟာ အိန္ဒိယရူပီးငွေ ၆၀၀,၀၀၀ ဝန်းကျင် (မြန်မာကျပ်ငွေ သိန်း ၁၁၀ ကျော်) ဖြစ်ပြီး ဒူဘိုင်းကဲ့သို့ နေရာတွေမှာ ဝယ်လိုအား မြင့်တက်နေကြောင်းနဲ့ နောက်ထပ် ဝယ်ယူအသုံးပြုရန် အလွန်ခက်ခဲတယ်လို့ Neelu Jain က ပြောခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု တတိယအများဆုံး နိုင်ငံဖြစ်ပြီး လတ်တလော သီတင်းပတ်များအတွင်းမှာလည်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ လက်ရှိအချိန်အထိ အိန္ဒိယမှာ ကူးစက်ခံရသူ ၁.၂ သန်းကျော်၊ သေဆုံးသူ ၂၉,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၇၈၂,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က