ကာလရှည်ကြာ ဆွေးနွေးညှိနှိုင်းခဲ့မှုတွေရဲ့ ရလဒ်ဖြစ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့ကြား သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီမှုရရှိပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အပြည့်အဝ ပုံမှန်ဆောင်ရွက်သွားတော့မယ်လို့ သိရပါတယ်။

(ထရန့်နဲ့ နက်တန်ယာဟူ) (Photo: AP)

အရှေ့အလယ်ပိုင်း နှစ်နိုင်ငံဖြစ်တဲ့ အစ္စရေးနဲ့ ယူအေအီးတို့ကြား သံတမန်ဆက်ဆံရေး ပုံမှန်ဆောင်ရွက်ရန် သမိုင်းဝင် သဘောတူညီချက်ရရှိရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အကျိုးဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပုံမှန်ဆောင်ရွက်သွားမယ့် သဘောတူညီချက်ကို အမေရိကန်သမ္မတထရန့်၊ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူနဲ့ အဘူဒါဘီအိမ်ရှေ့မင်းသား ရှိတ်ခ်မိုဟမ်မက်ဘင်ဇေယက်ဒ်တို့ကြား ယနေ့ (ဩဂုတ် ၁၃ ရက်) ဖုန်းဆက်သွယ်ပြောကြားမှုအတွင်း ရရှိခဲ့ကြတာဖြစ်ပါတယ်။



(ထရန့်နဲ့ ရှိတ်ခ်မိုဟမ်မက်ဘင်ဇေယက်) (Photo: AP)

၎င်းတို့သုံးဦးက သဘောတူညီမှုရရှိကြောင်း ယနေ့ ပူးတွဲထုတ်ပြန်ခဲ့ကြပြီး သမိုင်းဝင်အောင်မြင်မှုက အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ တိုးတက်မှုဖြစ်စေမယ်လို့ ပြောထားပါတယ်။ ယနေ့ သဘောတူညီမှု မရရှိခင်အထိ အစ္စရေးနိုင်ငံက ပင်လယ်ကွေ့အာရပ်နိုင်ငံများနဲ့ သံတမန်ဆက်ဆံရေး မရှိထားခဲ့ပါဘူး။ ယခု ငြိမ်းချမ်းရေးသဘောတူညီမှုဟာ အစ္စရေး၊ ယူအေအီးနဲ့ အမေရိကန်တို့ကြား ကာလရှည်ကြာ ဆွေးနွေးညှိနှိုင်းခဲ့မှုတွေရဲ့ ရလဒ်ဖြစ်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူတွေက ပြောပါတယ်။

တာဝန်ရှိသူတွေက Abraham Accords လို့ သတ်မှတ်သုံးနှုန်းကြတဲ့ ယခုသဘောတူညီမှုဟာ ၁၉၉၄ ခုနှစ်မှာ အစ္စရေးနဲ့ ဂျော်ဒန်တို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုနောက်ပိုင်း ထိုကဲ့သို့ ပထမဆုံး သဘောတူညီမှု ဖြစ်လာပါတယ်။ အစ္စရေးဟာ အီဂျစ်နိုင်ငံနဲ့လည်း ၁၉၇၉ ခုနှစ်မှာ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပါတယ်။

(Photo: AFP)

အစ္စရေး-ယူအေအီး ငြိမ်းချမ်းရေးသဘောတူညီမှုဟာ လာမယ့် နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ရွေးကောက်ခံနိုင်ရန် ကြိုးပမ်းနေတဲ့ ထရန့်အတွက်လည်း နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

လာမယ့် သီတင်းပတ်များအတွင်း အစ္စရေးနဲ့ ယူအေအီးတို့ တွေ့ဆုံကြပြီး ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ တိုက်ရိုက်လေကြောင်းခရီးစဥ်၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဥ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ သံရုံးများဖွင့်လှစ်ရေး အစရှိတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ လက်မှတ်ရေးထိုးသွားကြမယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က