ပိုးမွှားသတ်ဆေး ထိုးထည့်ပေးခြင်းဖြင့် COVID-19 ကို ကုသနိုင်ဖွယ်ရှိ မရှိ သုတေသနလုပ်သင့်ကြောင်း ထရန့်က လူသိရှင်ကြား ပြောခဲ့ပါတယ်။
Ko John

ခန္ဓာကိုယ်အတွင်း ပိုးမွှားသတ်ဆေး ထိုးထည့်ပေးခြင်းဖြင့် COVID-19 ကို ကုသနိုင်ဖွယ်ရှိ မရှိ သုတေသနလုပ်ရန် အကြံပြုခဲ့တဲ့ အမေရိကန်သမ္မဒေါ်နယ်ထရန့်ကို ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

(Photo: Getty Images)

ထရန့်က COVID-19 နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပိုးမွှားသတ်ဆေး (ဥပမာ - Dettol ကဲ့သို့) က ဗိုင်းရပ်စ်ကို သေစေနိုင်ရာ လူ့ခန္ဓာကိုယ်ထဲကို ထိုးထည်ပေးခြင်းဖြင့် COVID-19 ကို ကုသနိုင်ပြီး အဆုတ်ကို သန့်ရှင်းစေနိုင်ဖွယ်ရှိ မရှိ သုတေသနလုပ်သင့်ကြောင်း ၎င်းရဲ့ အယူအဆကို လူသိရှင်ကြား ပြောခဲ့တာဖြစ်ပါတယ်။

ထို့အတူ အမေရိကန်သမ္မထရန့်က COVID-19 လူနာရဲ့ ခန္ဓာကိုယ်ကို ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာ အဆိုပြုခဲ့ရာ ဆရာဝန်တစ်ဦးက ပယ်ချခဲ့ကြောင်း သိရပါတယ်။ မကြာသေးမီ အစောပိုင်းကလည်း ထရန့်ရဲ့ အစိုးရတာဝန်ရှိသူတွေက နေရောင်ခြည်နဲ့ ပိုးသတ်ဆေးက ရောဂါဗိုင်းရပ်စ်ကို သတ်နိုင်ကြောင်း ပြောခဲ့ပါသေးတယ်။

(Photo: Getty Images)

ပိုမွှားသတ်ဆေးတွေဟာ ဘေးအန္တရာယ်ရှိတဲ့ အရာဝတ္တုတွေဖြစ်ပြီး မျိုချမိပါက အဆိပ်သင့်စေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ပြင်မှာ ထိတွေ့မှုကလည်း အရေပြား၊ မျက်လုံးတွေနဲ့ အသက်ရှူလမ်းကြောင်းကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၃ ရက်နေ့က ထရန့်ရဲ့ သမ္မတအိမ်ဖြူတော် COVID-19 လုပ်ငန်းအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင်း တာဝန်ရှိသူတစ်ဦးက အမေရိကန်အစိုးရ သုတေသနပြု လေ့လာမှုအရ ဗိုင်းရပ်စ်ဟာ နေရောင်ခြည်နဲ့ အပူတို့နဲ့ ထိတွေ့ချိန်မှာ ပိုမိုလျင်မြန်စွာ အားနည်းသွားပုံရကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

(Photo: NBC News)

ထိုလေ့လာမှုကပင် အရောင်ချွတ်ဆေးက တံတွေး သို့မဟုတ် အသက်ရှူလမ်းကြောင်းအရည်တွေထဲမှာရှိတဲ့ ဗိုင်းရပ်စ်ကို ငါးမိနစ်အတွင်း သေစေနိုင်ကြောင်းနဲ့ isopropyl alcohol ကတော့ ဗိုင်းရပ်စ်ကို ပိုမိုလျင်မြန်စွာ သတ်ပစ်နိုင်ကြောင်း ပြောထားခဲ့ပါတယ်။ US Department of Homeland Security's Science and Technology Directorate ရဲ့ ခေတ္တအကြီးအကဲ William Bryan လေ့လာမှုတွေ့ရှိချက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။

ထိုရှင်းလင်းတင်ပြချက်တွေအပေါ် သမ္မတထရန့်က ၎င်းရဲ့အမြင်ကို မှတ်ချက်ပြုရာမှာ COVID-19 လူနာရဲ့ ခန္ဓာကိုယ်အတွင်း ပိုးသတ်ဆေးထိုးထည့်တဲ့ ကုထုံးနဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့ပေးခြင်းတို့က စိတ်ဝင်စားစရာကောင်းပြီး သုတေသနလုပ်သင့်ကြောင်း အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

အမေရိကန်သမ္မတထရန့်ဟာ ယခင်ကလည်း COVID-19 ကို ငှက်ဖျားဆေးတွေဖြစ်တဲ့ chloroquine နဲ့ hydroxychloroquine တို့ဖြင့် ကုသသင့်ကြောင်း လူသိရှင်ကြား ပြောခဲ့ဖူးပါတယ်။ COVID-19 ကုသရာမှာ ငှက်ဖျားဆေးများသုံးခြင်းကို သတိထားသင့်ကြောင်း သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

ထို့အတူ chloroquine နဲ့ hydroxychloroquine ငှက်ဖျားဆေးတွေကို COVID-19 ကုသရာမှာ အသုံးပြုခြင်းက ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများရှိနိုင်ကြောင်း ဥရောပသမဂ္ဂဆေးပညာဌာန (European Medicines Agency) က ဧပြီ ၂၃ ရက်နေ့မှာ သတိပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေပြီး ယနေ့ (ဧပြီ ၂၄ ရက်) မွန်းလွဲပိုင်းအထိ ကူးစက်ခံရသူ ၈၈၆,၇၀၉ ဦးနဲ့ သေဆုံးသူ ၅၀,၂၄၃ ဦးအထိ ရှိခဲ့ပါတယ်။


S

ource: NBC News, BBC, FT


က္က