ဆန္ဒပြသူတွေက အသက်အန္တရာယ်ရှိလက်နက်ဖြင့် တုံ့ပြန်ပါက ကျည်အစစ်သုံးပြီးပစ်ခတ်နိုင်ပါတယ်။

ဆန္ဒပြသူတွေထံမှ အသက်အန္တရာယ်ရှိတဲ့ လက်နက်များဖြင့် တုံ့ပြန်လာပါက ကျည်ဆန်အစစ်များသုံးပြီး ပစ်ခတ်နိုင်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၁၈ ရက်) သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

(Photo: Ye Aung Thu/AFP)

ငါးလကျော်ကြာ ဖြစ်ပွားနေခဲ့တဲ့ ဟောင်ကောင်ဆန္ဒပြမှုများအတွင်း ကျည်ဆန်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွင်းနိုင်ကြောင်း ရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်မှုဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) က ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူများ ထိပ်တိုက်တွေ့ အဓိကရုဏ်းများအတွင်း ဆန္ဒပြသူတွေက မီးမြှားများနဲ့ ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ခဲ့ကြပါတယ်။



သီတင်းပတ်ကုန် ဆန္ဒပြအဓိကရုဏ်းများအတွင်း ရဲအရာရှိတစ်ဦးရဲ့ ခြေထောက်ကို မီးမြှားထိမှန်ခံရပြီး တံတားတစ်စင်းပေါ်မှာ ရဲတပ်ဖွဲ့ကားတစ်စီး ဓာတ်ဆီပုလင်းဗုံးထိမှန်ကာ မီးစွဲမှုတွေဖြစ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ကျည်ဆန်အစစ်သုံးပြီး ပစ်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။


(Photo: Hong Kong Police Force)

လနဲ့ချီကြာမြင့်နေတဲ့ ဆန္ဒပြမှုများအတွင်း အစောပိုင်းမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူသုံးဦးကို ကျည်ဆန်အစစ်သုံးပြီး ပစ်ခတ်ခဲ့ဖူးပါတယ်။ သို့သော် ယခုကဲ့သို့ ကျည်ဆန်အစစ်သုံးပြီး ပစ်ခတ်မယ်လို့ သတိပေးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ ယမန့်နေ့မှာ ရဲတပ်ဖွဲ့က

ဟောင်ကောင် ပိုလီတက္ကနစ်တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ရန်ကြိုးပမ်းခဲ့ရာ ဆန္ဒပြသူတွေက အုတ်ခဲများ၊ လောက်လေးခွပုံစံ လက်နက်များ၊ လေးနဲ့မြား အပါအဝင် ရရာလက်နက်ကိရိယာများဖြင့် တက္ကသိုလ်ခေါင်မိုးပေါ်မှ ပစ်ခဲ့ကြပါတယ်။

အားကစားသုံး လေးနဲ့မြှား ကိုင်ဆောင်ထားပြီး တက္ကသိုလ်ဝင်းကို စောင့်ကြပ်နေကြတဲ့ မျက်နှာဖုံးတပ် လေးသမားအဖွဲ့တစ်ဖွဲ့ကို တွေ့ခဲ့ရတယ်လို့ AFP သတင်းထောက်တစ်ဦးက ပြောပါတယ်။ ယခုလမှာ ဟောင်ကောင်ဆန္ဒပြမှုများနဲ့ ဆက်နွယ်နေတဲ့ သီးခြားဖြစ်ရပ်နှစ်ခုအတွင်း လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်အဓိကရုဏ်းများ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

(Photo: AFP)

နောက်ဆက်တွဲသတင်းအရ ရဲတပ်ဖွဲ့က ပိုလီတက္ကနစ်တက္ကသိုလ်ကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့က တက္ကသိုလ်အတွင်းမှ ဆန္ဒပြသူတွေကို ဖယ်ရှားရှင်းလင်းရန် လုပ်ဆောင်ခဲ့ပြီး မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များ အသုံးပြုခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ဓာတ်ဆီပုလင်းဗုံးများနဲ့ အခြား ရရာပစ္စည်းများဖြင့် ပစ်ပေါက်တုံ့ပြန်ခဲ့ကြပါတယ်။ ပိုလီတက္ကနစ်တက္ကသိုလ်ဝင်းအတွင်းမှ ထွက်ပြေးရန်ကြိုးပမ်းခဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အကြမ်းဖက် ဆန္ဒပြအဓိကရုဏ်းများ ဖြစ်ပွားနေမှုကြောင့် ဟောင်ကောင်ရှိ ရထားလမ်း အများအပြားနဲ့ ကျောင်းများ၊ ဈေးဝယ်စင်တာများကိုလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို စီစဥ်ခဲ့ရာမှ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့ အဓိကရုဏ်းများနဲ့ အခြားအကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့နေခဲ့ပါတယ်။

ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်ပွားနေခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်တွေက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ တရားဝင် ရုပ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လက်ရှိနေခဲ့ပါတယ်။ ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေမှုကြမ်း အပြီးတိုင်ရုပ်သိမ်းရေးအပြင် ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို နှိမ်နင်းဖြိုခွင်းမှုအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြလုပ်ရေး အပါအဝင် အချက်ငါးချက်ကို တောင်းဆိုထားခဲ့ပါတယ်။

(Photo: Reuters)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က