ယာဉ်ကြောပြောင်းရန်ကြိုးပမ်းစဉ် တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
Ko John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ထရပ်ကားတစ်စီး ယာဉ်ကြောပြောင်းရန်ကြိုးပမ်းစဉ် တိမ်းမှောက်ခဲ့မှုအတွင်း ကျောင်းသူကျောင်းသား အများစုအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(ထရပ်ကားတိမ်းမှောက်ခဲ့မှု) (Photo: Dhaka Tribune via Twitter)

ဘန်ကောက်မြို့ ဆင်ခြေဖုံး Samut Prakarn ပြည်နယ် Bang Phli ခရိုင်မှာ ယနေ့ (စက်တင်ဘာ ၂၉ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါ ယာဉ်တိမ်းမှောက်မှု CCTV မှတ်တမ်းတွေအရ ထရပ်ကားနောက်ဘက်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တွေ လမ်းမပေါ်ပြုတ်ကျခဲ့တာ တွေ့ရပါတယ်။

"လူ ၁၂ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ်တစ်ယောက်ကတော့ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်" လို့ ရဲအရာရှိ Samran Chaytao က AFP သတင်းဌာနကို ပြောပါတယ်။ ထရပ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူတွေအနက် ကိုးဦးဟာ ကောလိပ်ကျောင်းသူကျောင်းသားအရွယ်တွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။

(ဘန်ကောက်မြို့လယ်တစ်နေရာမြင်ကွင်း) (Photo: AFP)

ထရပ်ကားပေါ်မှာ စစုပေါင်း လူ ၁၈ ဦး လိုက်ပါလာခဲ့ကြပြီး ၎င်းတို့ဟာ ဒေသခံကုမ္ပဏီမှာ လက်တွေ့လေ့လာသင်ကြားခဲ့တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ကုမ္ပဏီမှတာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ ရဲအရာရှိ Samran Chaytao က ပြောပါတယ်။ ထရပ်ကားတိမ်းမှောက်မှုအတွင်း အသက်ရှင်ခဲ့သူ ငါးဦးအနက် နှစ်ဦးဟာ ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်းလည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ အရှိန်လွန်မောင်းနှင်မှု၊ အရက်မူးပြီးမောင်းနှင်မှုနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရ အရေးယူဆောင်ရွက်မှု အားနည်းချက်တွေရှိနေပြီး လူသေဆုံးတဲ့ လမ်းမပေါ် မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ထိုင်းနိုင်ငံဟာ လမ်းမပေါ် မတော်တဆမှုတွေကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံများစာရင်းမှာလည်း ထိပ်ပိုင်းနေရာမှာ ပုံမှန်ပါဝင်နေလေ့ရှိကြောင်း သိရပါတယ်။

(ဘန်ကောက်မြို့ လမ်းမတစ်ခု) (Photo: Bangkok Post)

ယခုနှစ် မတ်လအတွင်းကလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အားလပ်ရက် အပန်းဖြေခရီးမှ ပြန်လာသူတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး လမ်းချော်သွားပြီးနောက် သစ်ပင်တစ်ပင်ကို ဝင်တိုက်ခဲ့မိရာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ လတ်တလော စာရင်းအချက်အလက်တွေအရ ထိုင်းမှာ လမ်းမများပေါ် မတော်တဆမှုကြောင့် လူ ၁၀၀,၀၀၀ လျှင် သေဆုံးမှုနှုန်း ၃၂.၇ ဖြစ်ကြောင်းနဲ့ အမေရိကန်မှာတော့ အဆိုပါ သေဆုံးမှုနှုန်းဟာ ၁၂.၄ ဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က