ရာသီဥတုပြောင်းလဲမှုအပေါ် အလေးထားဆောင်ရွက်ရေး စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေသူပါ။

ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပေမဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အလေးထားဆောင်ရွက်ရေး စည်းရုံးလှုံ့ဆော်မှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့တဲ့ ဆွီဒင်သူ ဂရီတာသွန်းဘတ်ဂ်ကို TIME မဂ္ဂဇင်းက ၂၀၁၉ ခုနှစ်အတွက် Person of the Year အဖြစ် ရွေးချယ်လိုက်ပါတယ်။

(Photo: Evgenia Arbugaeva)

သွန်းဘတ်ဂ်ဟာ TIME မဂ္ဂဇင်းက ၁၉၂၇ ခုနှစ်မှစပြီး နှစ်စဥ် ရွေးချယ်ဖော်ပြခဲ့တဲ့ Person of the Year အဖြစ် ရွေးချယ်ခံခဲ့ရသူတွေအနက် အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။ TIME မဂ္ဂဇင်းရဲ့ Person of the Year အဖြစ် ရွေးချယ်ခံရပြီးနောက် မကြာမီမှာပင် သွန်းဘတ်ဂ်က လာမယ့် ဆယ်စုနှစ်ဟာ ကမ္ဘာကြီးရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ မက်ဒရစ်မြို့မှာ ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကို တက်ရောက်ပြောကြားခဲ့ပါတယ်။



သွန်းဘတ်ဂ်ဟာ ထိုညီလာခံကို တက်ရောက်ရာမှာလည်း ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် လေယာဥ်မစီးဘဲ အမေရိကန်မှ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့သို့ အတ္တလန်တိတ်သမုဒ္ဒရာကို ရွက်လှေဖြင့် သုံးပတ်ကြာ ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် လစ္စဘွန်းမှ စပိန်နိုင်ငံ မက်ဒရစ်မြို့ကိုတော့ ရထားစီးပြီး ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

(Photo: Pedro Nunes/Reuters)

သူမက ဩဂုတ်လအတွင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကိုလည်း ရေလမ်းခရီးမှပင် ရွက်လွှင့်လာခဲ့ပါတယ်။ ထိုစဥ်က အင်္ဂလန်နိုင်ငံ ပလိုင်းမောက်မြို့မှ နယူးယော့ခ်မြို့သို့ ၁၅ ရက်ကြာ ရွက်လွှင့်လာခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ အသက် ၁၆ နှစ်ကျော်ရှိပြီဖြစ်တဲ့ သွန်းဘတ်ဂ်က အသက် ၁၅ နှစ်အရွယ်မှစပြီး အပတ်စဥ် သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ဆွီဒင်အစိုးရအနေနဲ့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ၎င်းရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရန် လွှတ်တော်အပြင်ဘက်မှာ ဆန္ဒပြပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သူမရဲ့ စည်းရုံးလှုံ့ဆော်မှုကို စတင်ခဲ့ပါတယ်။

(Photo: Reuters)

သွန်းဘတ်ဂ်ရဲ့ စည်းရုံးလှုံ့ဆော်မှုကို လူပေါင်းများစွာက လျင်မြန်စွာ သတိပြုမိခဲ့ကြပါတယ်။ ယခုနှစ် စက်တင်ဘာလမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့အသီးသီးမှာ လူဦးရေလေးသန်းက လမ်းမများပေါ်ထွက်ပြီး သွန်းဘတ်ဂ်ရဲ့လှုပ်ရှားမှုကို အတုယူ အားပေးထောက်ခံကာ ကမ္ဘာရာသီဥတုပြောင်းလဲမှုအပေါ် အစိုးရတွေက အလေးထားဆောင်ရွက်ကြရန် တောင်းဆိုခဲ့ကြပါတယ်။

ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်ဆောင်ရွက်ရေး စည်းရုံးလှုံ့ဆော်တဲ့ သွန်းဘတ်ဂ်ရဲ့ လှုပ်ရှားမှုဟာ ကမ္ဘာတစ်ဝှမ်း ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ hashtag #FridaysForFuture အဖြစ် များစွာပျံ့နှံ့ခဲ့ပါတယ်။ ဆယ်ကျော်သက် ဆွီဒင်ကျောင်းသူလေး သွန်းဘတ်ဂ်ကို ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် နော်ဝေနိုင်ငံမှ လွှတ်တော်အမတ်သုံးဦးက အဆိုပြုခဲ့သေးကြောင်းလည်း သိရပါတယ်။

(Photo: Nicholas Kamm/AFP/Getty Images)

သွန်းဘတ်ဂ်ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပြီး သူမရဲ့မိဘတွေက မင်းသား Svante Thunberg နဲ့ အော်ပရာကဇာတ် အဆိုတော် Malena Ernman တို့ ဖြစ်ပါတယ်။ သွန်းဘတ်ဂ်က အသက် ၈ နှစ်အရွယ် ၂၀၁၁ ခုနှစ်မှာ ရာသီဥတုပြောင်းလဲမှုအကြောင်းကို ပထမဆုံး ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုနှစ်အတွက် TIME မဂ္ဂဇင်းက Person of the Year အဖြစ် ရွေးချယ်လိုက်တဲ့ ဆွီဒင်ကျောင်းသူလေး သွန်းဘတ်ဂ်ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်နေ့မှာ အသက် ၁၇ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

Source: TIME, AFP, BBC

Share

Loading Next Article...
က္က