Ko John

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကြောင့် ပြီးခဲ့တဲ့ သုံးရက်အတွင်း သေဆုံးသူအရေအတွက် ၅၅ ဦးသို့ မြင့်တက်လာကြောင်းနဲ့ လူဦးရေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း အစိုးရက ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။

(Photo: Reuters)

တောင်တန်းထူထပ်တဲ့ နီပေါနိုင်ငံ နေရာဒေသအများစုမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇူလိုင် ၁၁ ရက်) မှစပြီး မုတ်သုန်မိုးများ အဆက်မပြတ်ရွာသွန်းနေခဲ့ရာ မြေဧရိယာများစွာ ရေနစ်မြုပ်မှု၊ နေအိမ်များရေလွှမ်းမိုးမှုနဲ့ နိုင်ငံတစ်ဝှမ်း တံတားနဲ့လမ်းများ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နီပေါ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်မှာ အတည်ပြုထုတ်ပြန်ခဲ့မှုအရ မိုးအဆက်မပြတ်ရွာပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၅၅ ဦး သေဆုံးကာ ၃၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အခြား လူ ၃၀ ဦးလည်း ပျောက်ဆုံးနေကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

(Photo: (Niranjan Shrestha/AP)

ရုပ်မြင်သံကြားသတင်းတွေမှာ ဖော်ပြမှုအရ နီပေါတောင်ပိုင်း လွင်ပြင်ဒေသတွေမှာ ရေမြုပ်နေတဲ့ နေအိမ်အမိုးများနဲ့ ရင်ဘတ်အထိ နစ်မြုပ်နေတဲ့ ရေထဲမှာ သွားလာနေသူတွေကို တွေ့ရပါတယ်။ နီပေါ နေရာဒေသအချို့မှာ မိုးရွာသွန်းမှုလျော့နည်းသွားပေမဲ့ နိုင်ငံအရှေ့ပိုင်းရှိ မြစ်အချို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံတွေအနေနဲ့ မြစ်ရေကြီးမှုအန္တရာယ်အတွက် နိုးနိုးကြားကြားနေကြရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ နီပေါမှာ ရေကြီးမှုတွေကြောင့် လူဦးရေ ၁၀,၀၀၀ ထက်မနည်းကို ရွှေ့ပြောင်းခဲ့ရပါတယ်။

(Photo: EPA)

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ထဲကို စီးဝင်တဲ့ Kosi မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေကြောင်းလည်း သိရပါတယ်။ Kosi မြစ်ရေကြီးမှုဟာ အိန္ဒိယနဲ့နီပေါ နှစ်နိုင်ငံလုံးအတွက် စိုးရိမ်စရာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အဆိုပါမြစ်ရေကြီးမှုကြောင့် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် ရေဘေးသင့်ခဲ့ဖူးပါတယ်။

ထိုစဉ်က Kosi မြစ်ရေကြီးမှုအတွင်း လူ ၅၀၀ ခန့်လည်း သေဆုံးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ နီပေါနိုင်ငံအပြင် တောင်အာရှဒေသရှိ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာလည်း မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုနဲ့ နံရံပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီး ရေဘေးသင့်မှုတွေ ကြုံနေရကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က