လူထုကို အထိတ်တလန့် မဖြစ်စေချင်တာကြောင့် တမင် လျော့ပေါ့ပြောခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မ ဒေါ်နယ်ထရန့်က COVID-19 ဟာ တုပ်ကွေးထက် ပိုမိုအန္တရာယ်ရှိကြောင်းကို သိရှိထားခဲ့ပေမဲ့ လူထုကို အထိတ်တလန့် မဖြစ်စေချင်တာကြောင့် ကျန်းမာရေးအကျပ်အတည်း ဖြစ်နိုင်မှုနဲ့ပတ်သက်ပြီး တမင် လျော့ပေါ့ပြောခဲ့ကြောင်း အသစ်ထွက်ရှိတဲ့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Evan Vucci/AP)

သမ္မတထရန့်က အမေရိကန်မှာ ကူးစက်မှုတွေ မဖြစ်ပွားမီ COVID-19 ကပ်ရောဂါအန္တရာယ် အတိမ်အနက်ကို သိရှိထားတဲ့အတိုင်း မဟုတ်ဘဲ လျော့ပေါ့ပြောခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ ကူးစက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း သမ္မတထရန့်ကို စာအုပ်ရေးသားသူ ဂျာနယ်လစ် ဘော့ဘ်ဝုဒ်ဝပ်က တွေ့ဆုံမေးမြန်းစဥ်အတွင်း ထိုသို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။



"ကျွန်တော် ဒါကို အမြဲတမ်း လျော့ပေါ့စေချင်တယ်၊ ကျွန်တော် ဒါကို လျော့လျော့ပေါ့ပေါ့ ပြောနေချင်တုန်းပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော် လူတွေကို အထိတ်တလန့် မဖြစ်စေချင်ဘူးလေ" လို့ ထရန့်က အရေးပေါ်အခြေအနေ ကြေညာပြီးနောက် မတ် ၁၉ ရက်နေ့မှာ ဂျာနယ်လစ်ဘော့ဘ်ကို ပြောခဲ့ပါတယ်။

(ဂျာနယ်လစ် ဘော့ဘ်ဝုဒ်ဝပ်) (Photo: Graham Hughes/The Canadian Press)

CNN သတင်းဌာနက သမ္မတထရန့်ကို ဂျာနယ်လစ်ဘော့ဘ်က ၎င်းရဲ့စာအုပ်သစ် Rage အတွက် တွေ့ဆုံမေးမြန်းခဲ့မှုကို ယမန်နေ့ (စက်တင်ဘာ ၉ ရက်နေ့) မှာ ထုတ်လွှင့်ခဲ့ပါတယ်။ CNN မှာ ထုတ်လွှင့်ခဲ့တဲ့ တွေဆုံမေးမြန်းမှုအရ သမ္မတထရန့်ဟာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အန္တရာယ်ရှိကြောင်း ဖေဖေါ်ဝါရီလအစောပိုင်းမှာ သိရှိထားခဲ့တယ်လို့ ဆိုပါတယ်။

ဂျာနယ်လစ်ဘော့ဘ် ရေးသားထားတဲ့ Rage အမည်ရှိ စာအုပ်သစ်ကို လာမယ့် အင်္ဂါနေ့ (စက်တင်ဘာ ၁၅ ရက်) မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဂျာနယ်လစ်ဘော့ဘ်ဟာ အမေရိကန်ရဲ့ လေးစားမှုအခံရဆုံး ဂျာနယ်လစ်များထဲမှ တစ်ဦးဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာလမှ ယခုနှစ် ဇူလိုင်လအထိ သမ္မတထရန့်ကို တွေ့ဆုံမေးမြန်းမှု ၁၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: Bob Woodward/Twitter)

ဘော့ဘ်ရဲ့စာအုပ်သစ်မှ အကြောင်းအရာ ထွက်ပေါ်လာခဲ့ပြီး‌နောက် ထရန့်က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို လုံးဝ လိမ်လည်ခဲ့ခြင်းမရှိကြောင်း စက်တင်ဘာ ၁၀ ရက်နေ့မှာ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ နောက်ဆက်တွဲသတင်းအရ သိရှိရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆.၅ သန်းကျော်နဲ့ သေဆုံးသူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ထရန့်ကတော့ COVID-19 ကပ်ရောဂါ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ၎င်းရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို ကာကွယ်ပြောကြားခဲ့ပါတယ်။ "တစ်ကယ်တော့ ကျွန်တော်က ဒီနိုင်ငံအတွက် cheerleader တစ်ယောက်ပါ၊ ကျွန်တော်တို့ရဲ့ နိုင်ငံကို ကျွန်တော်ချစ်တယ်၊ ပြီးတော့ ပြည်သူတွေကို အထိတ်တလန့် မဖြစ်စေချင်ဘူးလေ" လို့ ထရန့်က အိမ်ဖြူတော်မှာ ပြောခဲ့ပါတယ်။

.

Share

Loading Next Article...
က္က