လွှတ်တော်မှာ မေးမြန်းကြာနာမှု အချက်အလက်တွေကို အများပြည်သူ သိရှိနိုင်မှာပါ။
Ko John

သမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုအား တရားဝင်အဖြစ်သတ်မှတ်ပြီး ဆက်လက်လုပ်ဆောင်ရန် အမေရိကန် အောက်လွှတ်တော်က အောက်တိုဘာ ၃၁ ရက်မှာ မဲခွဲဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။  

(အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ) (Photo: Reuters)

အမေရိကန်သမ္မတကို စွပ်စွဲပြစ်တင်ရေးလုပ်ငန်းစဉ်အတွက် စုံစမ်းစစ်ဆေးမှု တရားဝင်ဆက်လုပ်ရန် လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်မှုဟာ ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။ "ဒီနေ့မှာ အောက်လွှတ်တော်က နောက်ထပ်ခြေတစ်လှမ်း ရှေ့ကိုလှမ်းလိုက်ပါပြီ၊ ကျွန်မတို့ ပွင့်လင်းမြင်သာတဲ့ ကြားနာမှု လုပ်ထုံးလုပ်နည်းတွေကို ဖော်ဆောင်ထားပါပြီ၊ ဒါကြောင့် အများပြည်သူအနေနဲ့ ဒီကြားနာမှုရဲ့ အချက်အလက်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ပါတယ်" လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ပြောပါတယ်။

(အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲနေစဉ်) (Photo: Reuters)

သမ္မတထရန့်ကို စွပ်စွဲပြစ်တင်ရေးလုပ်ငန်းစဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရန် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၃၂ မဲနဲ့ ကန့်ကွက်မဲ ၁၉၆ မဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး သမ္မတကို စွပ်စွဲပြစ်တင်ရေးလုပ်ငန်းစဉ် နောက်တစ်ဆင့်အတွက် ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ရီပတ်ပလစ်ကင် လွှတ်တော်အမတ်အားလုံးကတော့ ယခုကိစ္စကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအား ကန့်ကွက်ခဲ့ကြပါတယ်။ ထရန့်က နိုင်ငံခြားအစိုးရတစ်ရပ်ကို ဖိအားပေးကာ ပြည်တွင်းနိုင်ငံရေးပြိုင်ဘက်တစ်ဦးကို စုံစမ်းထောက်လှမ်းစေရန် ၎င်းရဲ့ သမ္မတသြဇာအာဏာကို အလွဲသုံးစားပြုခဲ့ခြင်းဟုတ် မဟုတ် သိရှိနိုင်ရေး ဒီမိုကရက်တစ်တို့က ဆောင်ရွက်နေပါတယ်။

(ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် အမေရိကန်သမ္မတ ထရန့်) (Photo: Saul Loeb/AFP/Getty Images)

ယူကရိန်းနိုင်ငံမှ ဓာတ်ငွေ့ကုမ္ပဏီ Burisma နဲ့ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်နေတဲ့ ၎င်းရဲ့နိုင်ငံရေးပြိုင်ဘက်ဖြစ်သူ အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့သားကို အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထရန့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ဖိအားပေးခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။

သမ္မတထရန့်ကတော့ ထိုစွပ်စွဲချက်နဲ့ပတ်သက်ပြီး အမှားလုပ်ထားခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ အိမ်ဖြူတော်ကလည်း သမ္မတကိုစွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုအတွက် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ထရန့်က ယူကရိန်းအစိုးရကို ဖိအားပေးခဲ့ခြင်းရှိ မရှိ သက်သေများကို ဆင့်ခေါ်ကာ ကြားနာမှုတွေလည်း ပြုလုပ်ခဲ့တယ်။

(ထရန့်နဲ့နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒန်) (Photo: Matt Rourke/AP)

ထိုသို့ သက်သေခံထွက်ဆိုရာမှာ သမ္မတအိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကောင်စီရဲ့ ရုရှားရေးရာကျွမ်းကျင်သူ တမ်မော်ရစ်ဆင်လည်း ပါဝင်ခဲ့ပါတယ်။ ယူကရိန်းအစိုးရက ထရန့်ရဲ့နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒန်ကို စုံစမ်းထောက်လှမ်းရန် ကတိပေးတဲ့အထိ အမေရိကန်က ယူကရိန်းကိုပေးမယ့် စစ်ဘက်ဆိုင်ရာ အကူအညီကို ဆိုင်းငံ့ထားမယ့်အကြောင်း ထရန့်နဲ့နီးစပ်တဲ့ သံတမန်တစ်ဦးက ထုတ်ပြောခဲ့တယ်လို့ မော်ရစ်ဆင်က အတည်ပြုထားပါတယ်။

(နိုင်ငံတော်လုံခြုံရေးကောင်စီရဲ့ ရုရှားရေးရာကျွမ်းကျင်သူ မော်ရစ်ဆင်) (Photo: AP)

မော်ရစ်ဆင်ဟာ အိမ်ဖြူတော်ကနေ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၇ ရက်) မှာ နုတ်ထွက်ခဲ့ကြောင်းလည်း သိရပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး သက်သေ တစ်ဒါဇင်နီးပါးက အောက်လွှတ်တော် စုံစမ်းကြားနာမှုမှာ လာရောက်ထွက်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အောက်လွှတ်တော်က သမ္မတထရန့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးအရာရှိဟောင်း ဂျွန်ဘော်လ်တန်ကိုလည်း သက်သေခံထွက်ဆိုရန် ဆင့်ခေါ်ထားကြောင်း သိရပါတယ်။

Source: The Guardian, AFP


က္က