တရုတ်ရဲ့ လုံခြုံရေးဥပဒေသစ်ကို ဒီမိုကရေစီလိုလားသူတွေက ဟောင်ကောင်မှာ ဆန္ဒပြခဲ့ကြပါတယ်။
Ko John

တရုတ်နိုင်ငံက ၎င်းရဲ့ လုံခြုံရေးဥပဒေသစ် ပြဌာန်းရေး ဆက်လက်လုပ်ဆောင်‌နေပါက သန်းနဲ့ချီတဲ့ ဟောင်ကောင်ဒေသခံတွေကို ဗီဇာထုတ်ပေးပြီး ဗြိတိန်နိုင်ငံသား ဖြစ်ခွင့်ရမယ့် လမ်းကြောင်းတစ်ခု ကမ်းလှမ်းသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇွန် ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

သူတို့ကို အလုပ်လုပ်ကိုင်ခွင့် အပါအဝင် နိုင်ငံသားဖြစ်လာနိုင်တဲ့ နောက်ထပ် လူဝင်မှုဆိုင်ရာ အခွင့်အရေးတွေ ပေးအပ်သွားပါမယ်

(Photo: NurPhoto/PA Images)

ဟောင်ကောင်မှာ လူအများအပြားက တရုတ်က ထိန်းချုပ်သွားမယ့် ခြိမ်းခြောက်မှုအောက်မှာ ၎င်းတို့ရဲ့ လူနေမှုဘဝကို စိုးရိမ်ကြောက်ရွံ့နေကြောင်း ဘောရစ်ဂျွန်ဆင်က The Times သတင်းစာနဲ့ SCMP (South China Morning Post) က ဖော်ပြထားတဲ့ ဆောင်းပါးတစ်ခုမှာ ရေးသားထားခဲ့ပါတယ်။

တရုတ်က လုံခြုံရေးဥပဒေသစ်ကိစ္စ လုပ်ဆောင်မှုက ဗြိတိန်အတွက် ဟောင်ကောင်ပြည်သူတွေနဲ့ အလေးအနက်ရှိနေခဲ့ သမိုင်းကြောင်းနဲ့ ခင်မင်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရန်ကလွဲပြီး ရွေးချယ်စရာမရှိကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဆောင်းပါးမှာ ပြောထားပါတယ်။

ဟောင်ကောင်ကို တရုတ်ထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် အမေရိကန်က အသိအမှတ်မပြုတော့ပါဘူး

(Photo: AFP via Getty Images)

လက်ရှိမှာ ဟောင်ကောင်ဒေသခံ ၃၅၀,၀၀၀ ခန့်က ဗြိတိန်နိုင်ငံသား (နိုင်ငံရပ်ခြား) ပတ်စ်ပို့ [British National (Oversea)] ကိုင်ဆောင်ထားကြပြီး နောက်ထပ် ၂.၅ သန်းဟာ ၎င်းတို့အတွက် ပတ်စ်ပို့လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိ ဟောင်ကောင်ဒေသခံတွေကို ထုတ်ပေးထားတဲ့ ပတ်စ်ပို့တွေဟာ ခြောက်လကြာအထိ ဗြိတန်ကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်နိုင်ကြောင်းလည်း သိရပါတယ်။

"တရုတ်က သူ့ရဲ့ လုံခြုံရေးဥပဒေကို ပြဌာန်းခဲ့ရင် ဗြိတိန်အစိုးရက လူဝင်မှုကြီးကြပ်ရေး စည်းမျဥ်းတွေကို ပြောင်းလဲပြီး ဟောင်ကောင်မှာရှိတဲ့ ဗြိတိန်ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေ ဗြိတိန်ကိုလာရောက်ပြီး ပတ်စ်ပို့သက်တမ်း ၁၂ လအဖြစ် လျှောက်ထားခွင့်ပြုမှာပါ၊ ပြီးတော့ သူတို့ကို အလုပ်လုပ်ကိုင်ခွင့် အပါအဝင် နိုင်ငံသားဖြစ်လာနိုင်တဲ့ နောက်ထပ် လူဝင်မှုဆိုင်ရာ အခွင့်အရေးတွေ ပေးအပ်သွားပါမယ်" လို့ ဘောရစ်ဂျွန်ဆင်က ဆောင်းပါးမှာ ရေးသားထားပါတယ်။

လုံခြုံရေးဥပဒေသစ်က ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား လျော့ပါးသွားစေနိုင်ကြောင်း စိုးရိမ်နေကြပါတယ်

(Photo: AP)

မေလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ တရုတ်ပြည်သူ့ကွန်ဂရက်က အတည်ပြုထားတဲ့ လုံခြုံရေးဥပဒေသစ်ကို ဒီမိုကရေစီလိုလားသူတွေက ဟောင်ကောင်မှာ ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်အစိုးရက လုံခြုံရေးဥပဒေသစ်ဟာ အကြမ်းဖက်နဲ့ ခွဲထွက်ရေးကို ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်တယ်လို့ ပြောထားပါတယ်။

အတိုက်အခံတွေကတော့ ယခု လုံခြုံရေးဥပဒေသစ်ဟာ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို ဗြိတိန်ထံမှ တရုတ်သို့ ပြန်လွှဲပေးခဲ့စဥ် အာမခံထားခဲ့တဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား လျော့ပါးသွားစေနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။ တရုတ်ရဲ့လုံခြုံရေးဥပဒေသစ် စီစဥ်လာခဲ့ပြီးနောက် ဟောင်ကောင်ကို တရုတ်ထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် အသိအမှတ်မပြုတော့ဘဲ ဟောင်ကောင်အတွက် ပေးအပ်ထားခဲ့တဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာမှု အထူးအခွင့်အရေးတွေကို ရုပ်သိမ်းတော့မယ်လို့ အမေရိကန်က ကြေညာထားပါတယ်။

Source: Reuters, Daily Mail


က္က