ဗီယက်နမ်မှာ တွေ့ဆုံကြဖွယ်ရှိပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုကို လာမယ့် ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှာ ပြုလုပ်သွားမယ်လို့ အိမ်ဖြူတော်က ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။ သို့သော် မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေကိုတော့ ဆက်လက်ထားရှိသွားမယ်လို့လည်း သိရပါတယ်။

(ထရန့်နဲ့ကင်မ် စင်ကာပူမှာ တွေ့ဆုံခဲ့ကြစဉ်) (Photo: Reuters)

သမ္မတထရန့်နဲ့ ကင်မ်ဂျုံအန်ရဲ့ ညာလက်ရုံးလို့သိထားကြပြီး နျူကလီးယားအရေး ဦးဆောင်ညှိနှိုင်းသူလည်းဖြစ်တဲ့ ကင်မ်ယောင်ချိုလ်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

"သမ္မတထရန့်က ကင်မ်ယောင်ချိုလ်နဲ့ တစ်နာရီကြာ တွေ့ဆုံခဲ့ပြီး အချိန်တစ်ဝက်လောက်က နျူကလီးယားအရေး ဆွေးနွေးခဲ့ပါတယ်၊ သမ္မတထရန့်နဲ့ ကင်မ်ဂျုံအန်တို့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုကို ဖေဖေါ်ဝါရီလကုန်ပိုင်းလောက်မှာ ပြုလုပ်သွားမှာပါ" လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာစန်းဒါးစ်က ပြောပါတယ်။


(အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာစန်းဒါးစ်) (Photo: Getty Images)

ထရန့်နဲ့ကင်မ်တို့ဟာ ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ထိပ်သီးတွေ့ဆုံမှုဟာ ဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦး အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအဖြစ်လည်း သမိုင်းဝင်ခဲ့ပါတယ်။

စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီမှုတွေရခဲ့ပေမဲ့ လက်ရှိအချိန်အထိ အမေရိကန်ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။ စင်ကာပူထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း နှစ်နိုင်ငံကြား မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်။


(ဗီယက်နမ်နိုင်ငံ Danang မြို့ မြင်ကွင်းတစ်ခု) (Photo: AFP)

ဒုတိယအကြိမ် ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲမှာတော့ နျူကလီးယားအရေး အပါအဝင် ကိစ္စရပ်တွေမှာ အမှန်တစ်ကယ်တိုးတက်မှုတွေ ဖြစ်လာရန်လိုအပ်ကြောင်း သုံးသပ်ထားကြပါတယ်။ ကင်မ်ဂျုံအန်နဲ့ နောက်တစ်ကြိမ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် နေရာရွေးချယ်မှုအတွက် ညှိနှိုင်းနေကြောင်း အမေရိကန်သမ္မတထရန့်က ယခုလအစောပိုင်းမှာ ပြောထားပါတယ်။

"ကျွန်တော်တို့ နေရာအတွက် ညှိနှိုင်းနေပါတယ်၊ သိပ်မကြာတော့တဲ့အချိန်မှာ ထုတ်ပြန်ကြေညာသွားမှာပါ၊ သူတို့က တွေ့ချင်နေပါတယ်၊ ကျွန်တော်တို့လည်း တွေ့ချင်ပါတယ်၊ ဘာတွေဖြစ်မလဲ ကျွန်တော်တို့ ကြည့်ကြတာပေါ့" လို့ ထရန့်က ဇန်နဝါရီ ၆ ရက်နေ့က သမ္မတအိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ကြောင်း သိရပါတယ်။

ထရန့်နဲ့ကင်မ် ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲကို ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းမြို့ Danang မှာ ပြုလုပ်သွားဖွယ်ရှိကြောင်း သတင်းထွက်ပေါ်နေပြီး ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ကလည်း အိမ်ရှင်အဖြစ် လက်ခံစီစဉ်ပေးလိုတယ်လို့ ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်



က္က