ဗီယက်နမ်အာဏာပိုင်တွေက ၎င်းတို့နှစ်ဦးကို နိုင်ငံမှနှင်ထုတ်ခံရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ဗီယက်နမ်မှာ ရဲတပ်ဖွဲ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပုံစံတူ တုပဖျော်ဖြေသူနှစ်ဦးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။

(Photo: Luong Thai Linh/EPA)

ကင်မ်နဲ့ ရုပ်ချင်းဆင်တူတဲ့ ဟောင်းဝပ်အိတ်ဇ်နဲ့ ထရန့်နဲ့တူတဲ့ ရပ်ဆဲလ်ဝှိုက်တို့က ဟနွိုင်းမြို့မှာ တွေ့ဆုံကြတဲ့ပုံစံမျိုး စီစဉ်ပြုလုပ်ခဲ့ကြပြီးနောက် ၎င်းတို့နှစ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဗီယက်နမ်အာဏာပိုင်တွေက ၎င်းတို့နှစ်ဦးကို နိုင်ငံမှနှင်ထုတ်ခံရနိုင်ကြောင်း သတိပေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။



ကင်မ်နဲ့ထရန့် ပုံစံဖမ်းဖျော်ဖြေသူနှစ်ဦးဟာ ဟနွိုင်းမြို့မှာ ပြုလုပ်သွားမယ့် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်နဲ့ အမေရိကန်သမ္မတထရန့်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ တစ်ပတ်အလိုမှာ ဟနွိုင်းကိုရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

(Photo: Manan Vatsyayana/AFP)

၎င်းတို့နှစ်ဦး ဟနွိုင်းမှာ ထိပ်သီးတွေ့ဆုံမှုပုံစံမျိုးဖြင့် ပရိသတ်ကို ဖျော်ဖြေခဲ့ကြပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားရည်မှန်းချက် ကြီးမားမှုကို လျှော့ချရန်ရည်ရွယ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ဦးတည်လုပ်ဆောင်နေပါတယ်၊ စေ့စပ်ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေကနေ ကျွန်တော်တို့ မြောက်ကိုရီးယားကို ကျွန်တော်တို့ အမှန်အကန် ကူညီပေးချင်ပါတယ်" လို့ အမေရိကန်သမ္မတထရန့်ပုံစံ ပြင်ဆင်ထားသူ ကနေဒါနိုင်ငံဖွား ရပ်ဆဲလ်ဝှိုက်က ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ပုံစံဖမ်ထားတဲ့ ဟောင်းဝပ်အိတ်ဇ်ကလည်း "ကျွန်တော့်ရဲ့ ဒုံးကျည်တွေကို သူ လျစ်လျူရှုနိုင်ပြီး အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်လို့ မျှော်လင့်ပါတယ်" လို့ ထိပ်သီးဆွေးနွေးပွဲ ပုံစံမျိုး တွေ့ဆုံကြရမှာ ပြောခဲ့ပါတယ်။

(Photo: Getty Images)

ဟောင်းဝပ်အိတ်ဇ်ဟာ ယမန်နှစ်က ထရန်နဲ့ကင်မ် ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံခဲ့ကြတဲ့ စင်ကာပူနိုင်ငံကိုလည်း အဆိုပါ ထိပ်သီးတွေ့ဆုံပွဲ မတိုင်မီ ထရန့်ပုံစံတူ နောက်တစ်ဦးဖြစ်တဲ့ ဒန်းနစ်အလန်နဲ့အတူ ရောက်ရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ကင်မ်ဂျုံအန်ပုံဖမ်းသူ ဟောင်းဝပ်အိတ်ဇ်က တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပွဲကိုလည်း သွားရောက်ခဲ့သေးကြောင်း သိရပါတယ်။

(Photo: Getty Images)

ဗီယက်နမ်မှ ဟောင်းဝပ်အိတ်ဇ်နဲ့ ရပ်ဆဲလ်ဝှိုက်တို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီးနောက် ကင်မ်နဲ့ထရန့် ပုံစံမျိုးဖြင့် သရုပ်ဆောင်ပြီး လှည့်လည်သွားလာမှုတွေ မပြုလုပ်ရန် သတိပေးလိုက်ကြောင်း AFP က ပြောပါတယ်။ ဒါ့အပြင် ၎င်းတို့နှစ်ဦးကို ဟနွိုင်းမြို့မှာ ခွင့်ပြုခရီးစဉ်ကိုသာ အစောင့်အရှောက်နဲ့အတူ သွားလာကြရန်လည်း ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်နဲ့ အမေရိကန်သမ္မတထရန့်တို့က ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဟနွိုင်းမြို့ရှိ အစိုးရဧည့်ဂေဟာမှာ ဖေဖေါ်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က