အမေရိကန် ဆယ်ကျော်သက်များကြား အီးစီးကရက် အသုံးပြုမှု မြင့်တက်နေပါတယ်။
Ko John

ဆန်ဖရန်စစ္စကိုမြို့က အီးစီးကရက် (e-cigarette) ရောင်းချမှုကို ပိတ်ပင်တားမြစ်တဲ့ ပထမဆုံး အမေရိကန်မြို့ကြီး ဖြစ်လာမယ်လို့ သိရပါတယ်။

(Photo: Gabby Jones/Bloomberg)

ဆယ်ကျော်သက်များကြား အီးစီးကရက် အသုံးပြုမှု လျင်မြန်စွာ မြင့်တက်လာမှုကို ထိန်းချုပ်ရန်အတွက် ထိုသို့ ပိတ်ပင်တားမြစ်မှာဖြစ်ကြောင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဆန်ဖရန်စစ္စကို Board of Superisors က အီးစီးရက်ရောင်းချမှု ပိတ်ပင်တားမြစ်မိန့်ကို အင်္ဂါနေ့ (ဇွန် ၂၅ ရက်) မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ထိုအမိန့်အရ အီးစီးကရက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစားအစာနဲ့ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ထံမှ ခွင့်ပြုချက်ရရှိချိန်အထိ ရောင်းချမှုနဲ့ ဖြန့်ဖြူးမှုတို့ကို ပိတ်ပင်ထားမယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Ronen Zvulun/Reuters)

အမေရိကန်ပြည်နယ်တွေနဲ့ မြို့ကြီးတွေမှာ ယခင်ကတည်းက အီးစီးကရက်ကို ပိတ်ပင်ရန်နဲ့ ဆေးလိပ်ဝယ်ယူနိုင်တဲ့ အသက်ကန့်သတ်ချက်ကိုလည်း ၂၁ နှစ်သို့ တိုးမြှင့်သတ်မှတ်ရန် လုပ်ဆောင်နေခဲ့ကြပါတယ်။ သို့သော် ဆန်ဖရန်စစ္စကိုမြို့မှာ ယခုလုပ်ဆောင်မှုကဲ့သို့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေ မရှိခဲ့သေးပါဘူး။

အမေရိကန်ရဲ့ အခြား မြို့ကြီးတွေမှာ အီးစီးကရက်ကို ပိတ်ပင်ရန် အလားတူ လုပ်ဆောင်မှုတွေ မရှိသေးဘဲ ဆန်ဖရန်ရန်စစ္စကိုမြို့ရဲ့ ယခု ဆောင်ရွက်မှုအရ အခြား မြို့ကြီးတွေမှာလည်း ထိုသို့ ပိတ်ပင်တားမြစ်ရန် စဉ်းစားလာနိုင်ကြောင်း Reuters သတင်းက ပြောပါတယ်။

(Photo: Getty Images)

ဆန်ဖရန်စစ္စကိုမှာ အခြေစိုက်တဲ့ Juul Labs Inc ကုမ္ပဏီက အမေရိကန် အီးစီးကရက် ထုတ်လုပ်မှုကဏ္ဍမှာ ဦးဆောင်နေပြီး အချေအတင် ဆွေးနွေးမှုတွေမှာလည်း အဓိက ပါဝင်နေပါတယ်။ Juul ရဲ့ အီးစီးကရက်ရောင်အားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြင့်တက်လာခဲ့ပြီး ဆယ်ကျော်သက်များကြား အသုံးပြုမှု ရေးပန်းစားလာခဲ့တယ်လို့ ဆိုပါတယ်။

အချက်အလက်တွေအရ အမေရိကန်မှာ အထက်တန်းကျောင်းသူကျောင်းသားအရွယ်များကြား အီးစီးကရက် အသုံးပြုမှုဟာ ယမန်နှစ်မှာ ၇၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန်အစိုးရနဲ့ ဒေသဆိုင်ရာ လွှတ်တော်အမတ်တွေဟာလည်း Juul နဲ့ အခြား အလားတူ အီးစီးကရက်ထုတ်ကုန်တွေကို စည်းမျဉ်းစည်းကမ်းဖြင့် မည်သို့ထိန်းချုပ်နိုင်ရန် လုံးပန်းနေကြပါတယ်။

(Photo: Samantha Maldonado/AP)

အီးစီးကရက်နဲ့ ဆက်စပ်ထုတ်ကုန်တွေကို FDA သို့ ၂၀၁၈ ခုနှစ် နောက်ဆုံးထားပြီး ခွင့်ပြုချက်အတွက် တင်သွင်းလျှောက်ထားတင်ပြရန် ကနဦး သတ်မှတ်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ နောက်ဆုံးထား လျှောက်ထားရမယ့် အချိန်ကာလကို ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်းသိရပါတယ်။ သို့သော် ဆယ်ကျော်သက်များကြား အီးစီးကရက် အသုံးပြုမှုမြင့်တက်လာခဲ့ပြီးနောက် FDA က နောက်ဆုံးထား လျှောက်ထားရမယ့် အချိန်ကာလကို ၂၀၂၁ ခုနှစ်အဖြစ် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။


Author


က္က