ယာတောအိမ် ဧည့်ခန်းထဲရှိ ဗီရိုရဲ့နောက်ဘက်မှာ မြေအောက်ခန်းကိုဆင်းတဲ့ လျှို့ဝှက်လှေခါး တွေ့ရပါတယ်။

နယ်သာလန်နိုင်ငံမှာ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်မလုပ်ဘဲ ယာတောအိမ်တစ်အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ကိုးနှစ်ကြာနေထိုင်ပြီး ကမ္ဘာပျက်မယ့်နေ့ကို စောင့်ဆိုင်းနေခဲ့ကြတဲ့ အမျိုးသားကြီးတစ်ဦးနဲ့ အသက် ၁၈ နှစ်မှ ၂၅ နှစ်ရှိ အရွယ်ရောက်ပြီး ညီအစ်ကိုမောင်နှမ ခြောက်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(Photo: ANP/AFP via Getty Images)

သက် ၅၈ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးနဲ့ ညီအစ်ကိုမောင်နှမ ခြောက်ဦးတို့ဟာ နယ်သာလန်မြောက်ပိုင်း Drenthe ပြည်နယ်ရှိ ယာတောအိမ်ရဲ့ မြေအောက်ခန်းထဲမှာ နေထိုင်နေခဲ့ကြတာ ကိုးနှစ်ကြာခဲ့ပြီလို့ ဆိုပါတယ်။



မေအောက်ခန်းထဲမှာသာ နေထိုင်ခဲ့ကြရတဲ့ ညီအစ်ကိုမောင်နှမ ခြောက်ဦးအနက်မှ အသက်အကြီးဆုံး အမျိုးသားက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၃ ရက်) မှာ မြေအောက်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အနီးအနားရှိ Ruinerwold ကျေးရွာရှီ ဘားဆိုင်တစ်ဆိုင်ကို ရောက်ရှိလာခဲ့ရာမှ ၎င်းတို့ရဲ့အဖြစ်ကို သိရှိသွားခဲ့ကြပါတယ်။

(Photo: Hollandse Hoogte/PA)

၎င်းဟာ မြေအောက်ခန်းထဲရှိ ညီအစ်ကိုမောင်နှမတွေအနက် သားအကြီးဆုံး ဖြစ်တယ်လို့လည်း အသက် ၂၅ နှစ်အရွယ် အဆိုပါ အမျိုးသားကဆိုပါတယ်။ ဘားဆိုင်ပိုင်ဆိုင် ခရစ်ဝက်စ်တာဘိခ်က ဆံပင်အရှည်၊ ညစ်ပေနေတဲ့ မုတ်ဆိတ်ရှိပြီး အဝတ်အစားဟောင်းတွေ ဝတ်ဆင်ထားကာ စိတ်ရှုပ်နေပုံရတဲ့ ထိုအမျိုးသားကို စကားပြောကြည့်ရာ ၎င်းတို့ကိုကူညီရန် ပြောခဲ့တယ်လို့ သိရပါတယ်။ ထို့နောက် ဘားဆိုင်ပိုင်ဆိုင်က ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

(Photo: Wilbert Bijzitter/EPA-EFE/REX)

"သူက ဆံပင်အရှည်၊ ညစ်ပေနေတဲ့မုတ်ဆိတ်တွေနဲ့ပါ၊ နောက် အဝတ်အစားဟောင်းတွေ ဝတ်ဆင်ထားပြီး သူ့ကြည့်ရတာလည်း စိတ်ရှုပ်နေပုံရတယ်၊ ဒါနဲ့ ကျွန်တော်လည်း သူနဲ့စကားပြောကြည့်တော့မှ သူက ထွက်ပြေးလာခဲ့တယ်ဆိုတာနဲ့ အကူအညီလိုနေတယ်လို့ ထုတ်ပြောခဲ့တာ၊ သူက ကျောင်းမတက်ခဲ့ဖူးသလို ဆံပင်ညှပ်ဆိုင်မရောက်တာလည်း ကိုးနှစ်ရှိပြီလို့လည်း ပြောတယ်၊ ပြီးတော့ ယာတောအိမ်ရဲ့မြေအောက်ခန်းမှာ သူ့ရဲ့ညီတွေ ညီမတွေရှိသေးတယ်လို့ဆိုတယ်၊ ညီအစ်ကိုမောင်နှမတွေထဲမှာ သူက သားအကြီးဆုံးဖြစ်ပြီး သူတို့ ဒီလိုပုံစံမျိုး မနေချင်တော့ဘူးလို့ ပြောခဲ့ပါတယ်" လို့ ဘားဆိုင်ပိုင်ဆိုင် ခရစ်ကဆိုပါတယ်။

(Photo: @IntoBits/Twitter)

ရဲတပ်ဖွဲ့က ယာတောအိမ်ကို သွားရောက်ရှာဖွေခဲ့ကြရာ ဧည့်ခန်းထဲရှိ ဗီရိုတစ်ခုရဲ့နောက်ဘက်မှာ မြေအောက်ခန်းကိုဆင်းနိုင်တဲ့ လျှို့ဝှက်လှေခါးကို တွေ့ခဲ့ကြပါတယ်။ ယခု ယာတောအိမ်ဟာ လူဦးရေ ၃,၀၀၀ အောက်သာ နေထိုင်ကြတဲ့ Ruinerwold ကျေးရွာအပြင်ဘက်မှာရှိပြီး တူးမြောင်းတစ်ခုပေါ်မှ တံတားတစ်စင်းကို ဖြတ်သန်းသွားရောက်ရတာ ဖြစ်ပါတယ်။

အဆိုပါ ယာတောအိမ်ဟာ သစ်ပင်များဖြင့် အုပ်အုပ်ဆိုင်းဆိုင်းနေရာမှာရှိပြီး ကြီးမားတဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းနဲ့ ဆိတ်တစ်ကောင်ကို တွေ့ရတယ်လို့ဆိုပါတယ်။ ယာတောအိမ်နဲ့ အနည်းငယ် အလှမ်းကွာဝေးတဲ့ အိမ်နီးချင်းတစ်ဦးက ထိုနေရာမှာ အမြဲလိုလို အမျိုးသားတစ်ဦးကိုသာ မြင်တွေ့ဖူးပြီး ကလေးများကို မမြင်ခဲ့ဖူးကြောင်းနဲ့ ငန်းတွေနဲ့ ခွေးတစ်ကောင်လို တိရိစ္ဆာန်တွေရှိခဲ့ကြောင်း နယ်သာလန်မီဒီယာကို ပြောခဲ့ပါတယ်။

(Photo: Reuters)

ကနဦး သတင်းတွေအရ ယာတောအိမ် မြေအောက်ခန်းမှာတွေ့ရတဲ့ အမျိုးသားကြီးဟာ ညီအစ်ကိုမောင်နှမ ခြောက်ဦးရဲ့ ဖခင်ဖြစ်တယ်လို့ သိရပေမဲ့ Ruinerwold ကျေးရွာ အုပ်ချုပ်ရေးမှူး ရော်ဂျာဒီဂရော့တ်က ထိုအမျိုးသားဟာ အဆိုပါခြောက်ဦးရဲ့ ဖခင်မဟုတ်ဘူးလို့ ဆိုပါတယ်။

ယာတောအိမ်ကို ရှာဖွေပြီးနောက် အသက် ၅၈ နှစ်အရွယ် အမျိုးသားကြီးက ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့ရာ ၎င်းကိုဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားဟာ လေဖြတ်ထားပြီး အိပ်ရာထဲလဲနေသူလို့လည်း သိရပါတယ်။

(Photo: AFP)

မေအောက်ခန်းထဲမှ ညီအစ်ကိုမောင်နှမတွေရဲ့ မိခင်ဖြစ်သူအကြောင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိမှာ ယာတောအိမ်နဲ့ ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ယခုဖြစ်ရပ်ကို လူအများက စိတ်ဝင်စားနေကြပါတယ်။ "ကျွန်တော်တို့မှာ အဖြေမရှိသေးတဲ့ မေးခွန်းတွေအများကြီးရှိနေဆဲပါပဲ၊ ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းတွက်ချက်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်" လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

Source: Mirro, BBC


ဆက်စပ်အကြောင်းအရာများ



က္က