နှစ်ဖက်စစ်သားများ ထိပ်တိုက်တွေ့ တိုက်ခိုက်ခဲ့ကြမှုအတွင်း အိန္ဒိယစစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
Ko John

အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်သားများ ထိပ်တိုက်တွေ့ တိုက်ခိုက်မှုတွေဟာ လက်တွေ့ သတ်မှတ်ထားတဲ့ နယ်စပ်မျဥ်းကို ကျူးကျော်ခဲ့မှုကြောင့်ဖြစ်ကြောင်း တစ်ဖက်နဲ့တစ်ဖက် စနေနေ့ (ဇွန် ၂၀ ရက်) က အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

(Photo: AFP)

ဇွန် ၁၅ ရက်နေ့က နှစ်ဖက်စစ်သားများ ထိပ်တိုက်တွေ့ တိုက်ခိုက်ခဲ့ကြမှုအတွင်း အိန္ဒိယစစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ၇၀ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နှစ်နိုင်ငံကြား အနည်းဆုံး ၄၅ နှစ်အတွင်း လူသေဆုံးမှုအများဆုံး ထိပ်တိုက်တွေ့မှုလည်း ဖြစ်လာပါတယ်။

အမှန်တစ်ကယ် နယ်စပ်ထိန်းချုပ်မျဥ်း (Line of Actual Control) ကို တရုတ်ဘက်က ဖြတ်ကျော်ပြီး အဆောက်အအုံများ ဆောက်လုပ်ရန် စီစဥ်နေကြောင်းနဲ့ အိန္ဒိယဘက်က ရပ်ဆိုင်းရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ကြောင်း အိန္ဒိယအစိုးရက အပြစ်ဖို့ခဲ့ပါတယ်။ အငြင်းပွားမှုရှိနေတဲ့ နယ်စပ်နဲ့ပတ်သက်တဲ့ မည်သည့် တစ်ဖက်သတ် ပြောင်းလဲမှုများကိုမဆို ခွင့်ပြုသွားမှာ မဟုတ်ကြောင်း အိန္ဒိယက ပြောထားပါတယ်။

(Photo: AP)

ထိုအတောအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian ကလည်း အိန္ဒိယစစ်သားတွေဟာ အခြေအနေ တင်းမာနေတဲ့ ဟိမဝန္တာနယ်မြေအတွင်း တမင်ရည်ရွယ် ရန်စခဲ့ကြတယ်လို့ ဆိုပါတယ်။ Galwan တောင်ကြားဟာ နယ်စပ်မျဥ်းရဲ့ တရုတ်ဘက်အခြမ်းမှာရှိပြီး အိန္ဒိယက ဧပြီလကတည်းက ထိုနေရာမှာ လမ်းများ၊ တံတားများနဲ့ အခြား အဆောက်အအုံများ တည်ဆောက်နေခဲ့ကြောင်း Zhao Lijian က ပြောပါတယ်။

အိန္ဒိယစစ်သားတွေကို အမှန်တစ်ကယ် နယ်စပ်ထိန်းချုပ်မျဥ်း (Line of Actual Control) ကို ဖြတ်ကျော်ခဲ့ကြပြီး ထိုနေရာမှာ ဆွေးနွေးညှိနှိုင်းရန် ရောက်ရှိနေခဲ့ကြတဲ့ အရာရှိတွေနဲ့ စစ်သည်တွေကို တိုက်ခိုက်ခဲ့ကြရာမှ ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် ထိပ်တိုက်တွေ့မှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ နှစ်ဖက်စစ်သားများ ထိပ်တိုက်တွေ့ အပြန်အလှန် တိုက်ခိုက်မှုအတွင်း တရုတ်စစ်သားများ သေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က