လူအသွားအလာ စည်းကားများပြားတဲ့ 'ပြင်သစ်ရပ်ကွက်' နေရာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် နယူးအော်လင်းစ်မြို့ရှိ ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားနေလေ့ရှိရာ ပြင်သစ်ရပ်ကွက် (French Quarter) နေရာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

(Photo: Max Becherer/AP)

ဒေသစံတော်ချိန် ဒီဇင်ဘာ ၁ ရက် မနက် ၃ နာရီ ၂၀ ခန့်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရခဲ့သူတွေအနက် နှစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်းရကြောင်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ နယူးအော်လင်းစ်ရဲ့ သမိုင်းဝင်အရပ်ဖြစ်ပြီး ဟိုတယ်အများအပြားအနီး လူအသွားအလာ စည်းကားများပြားနေလေ့ရှိကာ ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ အဓိကထား လာရောက်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။



ပစ်ခတ်မှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့က တစ်စုံတစ်ဦးကို ဖမ်းဆီးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ အစောပိုင်းမှာတော့ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာအနီးရှိ လူတစ်ဦးကို မေးမြန်းမှုပြုလုပ်ခဲ့ကြောင်းနဲ့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။

(Photo: Max Becherer/AP)

နယူးအော်လင်းစ်မြို့မှာ ကျေးဇူးတော်နေ့ သီတင်းပတ်ကုန် ဘောလုံးပွဲရှိတာကြောင့်လည်း လုံခြုံရေးအရာရှိများ တိုးမြှင့်ချထားခဲ့ရာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန်ပင် ရောက်ရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။

လူဝီစီးယားနား တက္ကသိုလ်တွေဖြစ်တဲ့ Grambling State နဲ့ Southern University တို့ရဲ့ ဘောလုံးယှဥ်ပြိုင်မှုကို လာရောက်ကြည့်ရှုအားပေးကြတဲ့ ပရိသတ်သောင်းနဲ့ချီပြီး နယူးအော်လင်းစ်မြို့မှာ ရောက်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ နယူးအော်လင်းစ်မြို့တော်ဝန် လာတိုယာကင်ထရယ်လ်က ကင်နဲလ်လမ်းမမှာ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ သီတင်းပတ်ကုန်အားလပ်ရပ်ကို အကျည်းတန်စွာ ပွဲပျက်စေခဲ့ကြောင်း ပြောပါတယ်။

(Photo: FOX 8 New Orleans/Twitter)

၂၀၁၆ ခုနှစ် ယခုကဲ့သို့ သီတင်းပတ်ကုန်ရက်အတွင်းကလည်း နယူးအော်လင်းစ်မြို့ Bourbon လမ်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ဖူးပြီး အမျိုးသားတစ်ဦး သေဆုံးကာ အခြား လူကိုးဦး ဒဏ်ရာရခဲ့ပါတယ်။ ထို့အတူ ၂၀၁၄ ခုနှစ် ဇွန်လအတွင်း Bourbon လမ်းမမှာပင် နောက်ထပ် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်အရ ပြည်သူတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုထားတဲ့ အမေရိကန်မှာ လူအများအပြားကို ပစ်ခတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားလေ့ရှိနေပါတယ်။ စာရင်းတွေအရ သေနတ်နဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှုကြောင့် တစ်နှစ်လျှင် လူ ၄၀,၀၀၀ နီးပါး သေဆုံးကြောင်းသိရပါတယ်။

Source: CNN, BBC, AFP



Share

Loading Next Article...
က္က