အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် နယူးအော်လန်းစ်မြို့မှာ ဆောက်လက်စ Hard Rock ဟိုတယ် ရုတ်တရက် ပြိုကျမှုဖြစ်ပွားခဲ့ရာ ကနဦး သတင်းတွေအရ လူတစ်ဦးသေဆုံးပြီး အခြား လူသုံးဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။
ဒေသစံတော်ချိန် အောက်တိုဘာ ၁၂ ရက် မနက် ၉ နာရီ ၁၂ မိနစ်မှာ ဆောက်လက်စ ဟိုတယ်အဆောက်အအုံ ပြိုကျမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟိုတယ်အဆောက်အအုံ ပြိုကျမှုအတွင်း လူ ၁၈ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ထားကြောင်း နယူးအော်လန်းစ် မီးသတ်ဌာန အကြီးအကဲ တင်မ်မိုသီမက်ကွန်နဲလ်က ပြောပါတယ်။
ပျောက်ဆုံးနေသူတွေဟာ အဆောက်အအုံ အပျက်အစီးများအောက်မှာ ပိတ်မိနေခဲ့ခြင်း သို့မဟုတ် ထွက်ပြေးသွားပြီး တစ်နေရာရာမှာ ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း အတိအကျ မသိနိုင်သေးဘူးလို့လည်း ၎င်းကဆိုပါတယ်။
(Photo: WWL-TV)
အများပြည်သူအနေနဲ့ အဆိုပါ ဟိုတယ်အဆောက်အအုံရှိရာ အနီးတဝိုက်ကို ရှောင်ရှားသွားလာကြရန်နဲ့ အဆောက်အအုံဟာ တည်ငြိမ်မှုမရှိဖြစ်နေတာကြောင့် နောက်ထပ် ပြိုကျမှုဖြစ်နိုင်ခြေရှိကြောင်း တင်မ်မိုသီမက်ကွန်နဲလ်က သတိပေးခဲ့ပါတယ်။
ဆောက်လက်စ ဟိုတယ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ပြိုကျသွားတဲ့ ထိတ်လန့်တုန်လှုပ်စရာ ဗီဒီယိုတစ်ခုလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ အဆောက်အအုံ တည်ဆောက်ရေးမှာ အသုံးပြုနေတဲ့ ကရိန်းတစ်ခုက လမ်းမပေါ်ကို ပြုတ်ကျလာခဲ့ပြီး အပျက်အစီးများ လေထဲမှာပျံ့လွင့်ထွက်လာတာ တွေ့ရပါတယ်။ ဆောက်လက်စ ဟိုတယ်ပြိုကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။