ရဟတ်ယာဉ်ပျက်ကျမှုကြောင့် မိုးမျှော်တိုက် အဆောက်အအုံ တုန်ခါသွားခဲ့တယ်လို့ ဆိုပါတယ်။
Ko John

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ မက်ဟမ်တန်ရှိ မိုးမျှော်တိုက်တစ်ခုရဲ့ ခေါင်မိုးပေါ်ကို ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

(ရဟတ်ယာဉ်ပျက်ကျခဲ့သည့် မိုးမျှော်တိုက်) (Photo: Reuters)

ဒေသစံတော်ချိန် တနင်္လာနေ့ (ဇွန် ၁၀ ရက်) မွန်းလွဲ ၂ နာရီမတိုင်မီက Seventh လမ်းပေါ်ရှိ AXA Equitable မိုးမျှော်တိုက်ခေါင်မိုးပေါ်သို့ ရဟတ်ယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း ကနဦး သတင်းတွေအရ သိရပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အထပ် ၅၄ ပါ မိုးမျှော်တိုက် အဆောက်အအုံ တုန်ခါသွားခဲ့တယ်လို့ နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။ ရဟတ်ယာဉ်ပျက်ကျခဲ့ပြီးနောက် မိုးမျှော်တိုက်ခေါင်မိုးပေါ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်ဌာနက မီးလောင်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ၎င်းကဆိုပါတယ်။

(ရဟတ်ယာဉ်ပျက်ကျခဲ့သည့် မိုးမျှော်တိုက်အနီး နယူးယော့ခ်လမ်းမ မြင်ကွင်း) (Photo: Reuters)

ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ မိုးမျှော်တိုက်မှ လူအချို့ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ သို့သော် အဆောက်အအုံမှာရှိနေခဲ့သူ မည်သူမျှ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း သိရပါတယ်။ မိုးမျှော်တိုက်ပေါ်ကို ရဟတ်ယာဉ်ပျက်ကျစဉ်က နယူးယော့ခ်မြို့မှာ မိုးရွာနေပြီး မြင်ကွင်းမရှင်းလင်းတဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။

သို့သော် ရာသီဥတုကြောင့် ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဟုတ် မဟုတ် အတိအကျ မသိရသေးပါဘူး။ ကနဦး စစ်ဆေးမှုတွေအရ ရဟတ်ယာဉ်ဟာ မဖြစ်မနေ ဆင်းသက်ခဲ့ရဖွယ်ရှိပြီး တမင်ရည်ရွယ် လုပ်ဆောင်ခဲ့တဲ့ လက္ခဏာမတွေ့ရကြောင်း နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

(နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo) (Photo: Reuters)

"အဆောက်အအုံအမိုးပေါ်ကို ရဟတ်ယာဉ်တစ်စီး မဖြစ်မနေ ဆင်းသက်ခဲ့ရတယ်၊ အရေးပေါ် ဆင်းသက်ခဲ့ရတယ် ဒါမှမဟုတ် အဆောက်အအုံအမိုးပေါ်ကို အကြောင်းတစ်စုံတစ်ခုကြောင့် ဆင်းသက်ခဲ့ရတာမျိုးပါပဲ" လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က အခင်းဖြစ်နေရာကိုရောက်ရှိစဉ် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ New York Post သတင်းဌာနရဲ့ အဆိုအရ AXA Equitable မိုးမျှော်တိုက် အဆောက်အအုံ အမိုးပေါ်မှာ ရဟတ်ယာဉ်ဆင်းသက်ရန်နေရာ မရှိကြောင်းသိရပါတယ်။

(ရဟတ်ယာဉ်ပျက်ကျခဲ့သည့် မိုးမျှော်တိုက်နေရာပြ မြေပုံ) (Map: Google Maps/Daily Mail)

ယခုဖြစ်ရပ်ကို National Transportation Safety Board အဖွဲ့အစည်းက စုံစမ်းစစ်ဆေးသွားမယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ရဟတ်ယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ညွန်ကြားချက်ပေးထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

အမေရိကန်မှာ ပြီးခဲ့တဲ့ လအတွင်းကလည်း Hudson မြစ်အတွင်း ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းက နယူးယော့ခ်မြို့ရှိ East မြစ်အတွင်း ရှုခင်းကြည့် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာမှာတော့ လူငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


Author


က္က