နယူးယော့ခ်မှာ သူနာပြု ၉,၅၁၄ ဦး COVID-19 ကူးစက်ခံခဲ့ရပြီး ၁၁ ဦး ‌သေဆုံးခဲ့ပါတယ်။
Ko John

အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ် သူနာပြုများအသင်း (New York State Nurses Association - NYSNA) က ပြည်နယ်အစိုးရနဲ့ ဆေးရုံနှစ်ရုံကို COVID-19 နဲ့ ပတ်သက်ပြီး တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းမှ တိုက်ပွဲဝင်နေကြတဲ့ သူနာပြုများအတွက် COVID-19 ကာကွယ်ရေးအသုံးအဆောင်များ ထောက်ပံ့ပေးရေးနဲ့ သူနာပြုများကြား ဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရန် အစီအမံများ ချမှတ်ဆောင်ရွက်ရေး ဖိအားပေးရန် တနင်္လာနေ့ (ဧပြီ ၂၁ ရက်) က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုအပေါ် အငြင်းပွားစရာများ မြင့်တက်နေမှုကို သူနာြပုများအသင်းက ထောက်ပြခဲ့ပါတယ်။



သူနာပြုများအသင်းက နယူးယော့ခ်ကျန်းမာရေးဌာန၊ Montefiore Medical Center နဲ့ Westchester Medical Center ရဲ့ ကုမ္ပဏီတို့ကို တရားစွဲဆိုခဲ့ပါတယ်။ တရားပြိုင်အဖွဲ့အစည်းတွေအနေနဲ့ သူနာပြုတွေကို mask နဲ့ အခြား အကာအကွယ် အသုံးအဆောင်များ ထောက်ပံ့ပေးရေး အမိန့်ထုတ်ညွှန်ကြားပေးရန် သူနာြပုအသင်းက တရားသူကြီးတွေကို တောင်းဆိုခဲ့ပါတယ်။

(Photo: NYSNA)

"ကျွန်မတို့ရဲ့ သူနာပြုတွေ၊ လူနာတွေနဲ့ လူမှုအသိုင်းအဝိုင်းကို အကာအကွယ်တွေ မလုံလောက်မှုနဲ့ ဂရုစိုက်မှုမရှိတာကနေ ကာကွယ်ဖို့ ဒီတရားစွဲဆိုမှုတွေ လုပ်ခဲ့တာပါ" လို့ သူနာပြုအသင်းရဲ့ အမှုဆောင်ဒါရိုက်တာ Pat Kane က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဆေးရုံတွေက ပြည်နယ် COVID-19 လုပ်ငန်းအဖွဲ့ရဲ့ လိုအပ်ချက်တွေကို လစ်လျူရှုနေခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းတွေ N95 mask တစ်ခုစီ နေ့စဥ် ပေးရမယ့်အချက်ကို လိုက်နာကျင့်သုံးရန် ကျန်းမာရေးဌာနက ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း တရားစွဲဆိုမှုမှာ သူနာပြုအသင်းက ထောက်ပြထားပါတယ်။

(Photo: Reuters)

နယူးယော့ခ်ကျန်းမာရေးဌာနကတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းထောက်ပံ့ပေးရန် လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ Westchester Medical Center Health Network ကုမ္ပဏီက ၎င်းရဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးရန် အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

Montefiore Medical Center ကတော့ သူနာပြုတွေက ၎င်းတို့ရဲ့ လုပ်ဖောက်ကိုင်ဖက်များက အသက်တွေကယ်ရန် အလုပ်လုပ်နေစဥ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နယူးယော့ခ်ပြည်နယ် သူနာပြုအသင်းဟာ ပြည်နယ်အတွင်းရှိ သူနာပြု ၄၂,၀၀၀ ကို ကိုယ်စားပြုထားတဲ့ အသင်းအဖွဲ့ ဖြစ်ပါတယ်။

(Photo: Reuters)

သူနာပြုအသင်းရဲ့ ပြောကြားမှုအရ အဖွဲ့ဝင် နယူးယော့ခ်မှာ သူနာပြု ၉,၅၁၄ ဦးဟာ COVID-19 ကူးစက်ခံခဲ့ရပြီး ၁၁ ဦး ‌သေဆုံးခဲ့ကြောင်း သိရပါတယ်။ နယူးယော့ခ်မှာ သူနာပြုများ စုရုံးဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန်မှာ နယူးယော့ခ်ပြည်နယ်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အများဆုံးနေရာဖြစ်နေပြီး ဧပြီ ၂၁ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၂၃၃,၀၀၀ အထိ ရှိနေပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်နေပြီး ဧပြီ ၂၁ ရက် ညပိုင်းအထိ စာရင်းတွေအရ ကူးစက်ခံရသူ ၇၈၄,၂၀၁ ဦးနဲ့ သေဆုံးသူ ၄၁,၈၃၇ ဦးအထိ မြင့်တက်ခဲ့ပါတယ်။ အမေရိကန်မှာ COVID-19 ကူးစက်ခံခဲ့ရပြီး ပြန်လည်သက်သာလာသူ ၇၁,၇၇၀ ရှိခဲ့ပါတယ်။

Source: NBC News, Reuters


Author


က္က