COVID-19 ထိန်းချုပ်ရေး သီးတင်းပတ် ခုနစ်ပတ်ကြာ တင်းကြပ်တဲ့ lockdown အစီအမံတွေ ဆောင်ရွက်ခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံမှာ COVID-19 အတည်ပြုလူနာ ကင်းစင်သွားပြီလို့ သိရပါတယ်။

COVID-19 နဲ့ ပတ်သက်ပြီး သတိဝီရိယရှိဖို့နဲ့ မပေါ့ဆဖို့က မဖြစ်မ‌နေ လိုအပ်နေမှာပါ


(Photo: AFP)

နိုင်ငံရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ COVID-19 လူနာဟာ နေပြန်ကောင်းပြီဖြစ်ပြီး သီးခြားခွဲထားရာမှ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ယနေ့ (ဇွန် ၈ ရက်) ပြောပါတယ်။ ယခု သမိုင်းမှတ်တိုင်ဟာ တစ်ကယ့်သတင်းကောင်းဖြစ်ပြီး နယူးဇီလန်တစ်နိုင်ငံလုံးရဲ့ အောင်မြင်မှုဖြစ်တယ်လို့ ကျန်းမာရေးဌာန အထွေထွေညွှန်ကြားရေးမှူး Ashley Bloomfield က ပြောပါတယ်။

"ဖေဖေါ်ဝါရီ ၂၈ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် အတည်ပြုလူနာ ကင်းစင်ခဲ့တာက ကျွန်တော်တို့ရဲ့ ခရီးရှည်ကြီးမှာ အရေးပါ သိသာထင်ရှားတဲ့ မှတ်တိုင်တစ်ခုပါ၊ ဒါပေမဲ့ ကျွန်တော် အရင်ကလည်း ပြောခဲ့ပါတယ်၊ COVID-19 နဲ့ ပတ်သက်ပြီး သတိဝီရိယရှိဖို့နဲ့ မပေါ့ဆဖို့က မဖြစ်မ‌နေ လိုအပ်နေမှာပါ" Ashley Bloomfield က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အတည်ပြုလူနာ ကင်းစင်ခဲ့တာက ကျွန်တော်တို့ရဲ့ ခရီးရှည်ကြီးမှာ အရေးပါ သိသာထင်ရှားတဲ့ မှတ်တိုင်တစ်ခုပါ

(Photo: AFP)

နယူးဇီလန်ဟာ COVID-19 ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်မှုအတွက် ချီးကျူးဂုဏ်ပြုခံရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ နယူးဇီလန်က COVID-19 ထိန်းချုပ်ရေး သီတင်းပတ် ခုနစ်ပတ်ကြာ တင်းကြပ်တဲ့ lockdown အစီအမံတွေ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်တဲ့အချိန်မှာ lockdown အစီအမံ‌ကို စတင်ဖြေလျှော့ပေးခဲ့ပါတယ်။

တောင်ပစိဖိတ် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နယူးဇီလန်မှာ COVID-19 အတည်ပြုလူနာ ၁,၁၅၄ ဦး အတည်ပြုတွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၂ ဦးရှိခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ နယူးဇီလန်မှာ နောက်ထပ် COVID-19 ကူးစက်ခံရသူ မတွေ့ရှိမှုဟာ ယနေ့အထိ ၁၇ ရက်ကြာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကျော်အတွင်း ယခုနောက်ဆုံး နေပြန်ကောင်းသွားတဲ့ လူနာတစ်ဦးတည်းသာ ကျန်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AFP)

နေပြန်ကောင်းသွားပြီဖြစ်တဲ့ နောက်ဆုံးလက်ကျန် လူနာရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်မရ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ သို့သော် လူနာဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး အုတ်ကလန်မြို့ရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ တွေ့ရှိခဲ့ရတဲ့ ရောဂါကူးစက်မှု အစုအဝေးနဲ့ ဆက်နွယ်နေတယ်လို့ ယုံကြည်ရပါတယ်။

"နောက်ဆုံးကျန်ရှိတဲ့ လူနာဟာ ရောဂါလက္ခဏာ ကင်းစင်သွားခဲ့တာ ၄၈ နာရီကြာပြီဖြစ်ပြီး နေပြန်ကောင်းပြီလို့ သတ်မှတ်ခဲ့ပြီး သီးခြားခွဲထားရာက‌နေ ထွက်ခွာခွင့်ပြုလိုက်ပါပြီ" လို့ နယူးဇီလန် ကျန်းမာရေးဌာနက ပြောပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက COVID-19 လူနာကင်းစင်သွားပြီကြောင်းကို ယနေ့ နှောင်းပိုင်းမှာ ကြေညာမယ်လို့ မျှော်လင့်ရကြောင်း AFP က ဖော်ပြထားပါတယ်။

နောက်ဆုံးကျန်ရှိတဲ့ လူနာဟာ ရောဂါလက္ခဏာ ကင်းစင်သွားခဲ့တာ ၄၈ နာရီကြာပြီ ဖြစ်ပါတယ်

(Photo: Getty Images)

 ထပ်မံ သိရှိရတဲ့သတင်းအရ နယူးဇီလန်မှာ COVID-19 ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက် အားလုံးနီးပါးကို နာရီပိုင်းအတွင်း ရုပ်သိမ်းတော့မယ်လို့ သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်မှာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတ်မှတ်ကြေညာခဲ့ပါတယ်။ ယနေ့ မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်းကျော်နဲ့ ပြန်လည်သက်သာသူ ၃.၄ သန်းကျော်ရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က