တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိကို ပစ်သတ်ခဲ့မှုအတွက် ရှားရှားပါးပါး ပုဂ္ဂိုလ်ရေးအရ တောင်းပန်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုန်က တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိတစ်ဦးကို ၎င်းရဲ့တပ်ဖွဲ့က ပစ်သတ်ခဲ့မှုအတွက် ရှားရှားပါးပါး ပုဂ္ဂိုလ်ရေးအရ တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

ကင်မ်ဂျုံအန်က အလွန်ဆိုးဝါးတဲ့ ထိုဖြစ်ရပ်ဟာ မဖြစ်သင်ကြောင်း၊ အလွန်ဝမ်းနည်းကြောင်းနဲ့ မွန်ဂျေအင်းနဲ့ တောင်ကိုရီးယားပြည်သူတွေကို စိတ်ပျက်စရာဖြစ်စေခဲ့မိကြောင်း တောင်ကိုရီးယားသမ္မတထံသို့ ပေးစာတစ်စောင်မှာ ရေးသားထားခဲ့ပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့က အသက် ၄၇ နှစ်အရွယ် တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိ အမျိုးသားကို ၎င်းရဲ့ရေပြင်အတွင်း တွေ့ရှိခဲ့ပြီးနောက် ပစ်သတ်ခဲ့ပြီး အလောင်းကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။



ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စိစစ်ခဲ့ပြီးနောက် "မြောက်ကိုရီးယားက မြောက်ပိုင်းပင်လယ်ရေပြင်မှာ တွေ့ရှိခဲ့တဲ့ တောင်ကိုရီယားနိုင်ငံသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း" တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားကတော့ ထိုအမျိုးသားရဲ့အလောင်းကို မီးမရှို့ခဲ့ကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။

(Photo: Inter-Korean Summit Press Corps/Pool)

ငါးလုပ်ငန်းအရာရှိ အမျိုးသားဟာ မြောက်ကိုရီးယားနယ်စပ်ကျွန်းအနီး ရေယာဥ်တစ်စီးပေါ်မှာရှိနေခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ပစ်သတ်ခံရတဲ့ တောင်ကိုရီးယား အမျိုးသားဟာ ရေထဲကို မည်သို့ ရောက်ရှိနေခဲ့ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး စီမံဆောင်ရွက်မှုအရ ၎င်းကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။ မြောက်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ၎င်းရဲ့နယ်စပ်တွေကို လုံခြုံရေးတင်ကျပ်ထားခဲ့ပြီး နိုင်ငံအတွင်း အခွင့်မရှိဘဲ ဝင်ရောက်လာသူတွေကို ပစ်သတ်ရန် အမိန့်ထုတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တောင်ကိုရီးယားဘက်မှ အမျိုးသားတစ်ဦးက အခိုင်အမာ ခံတပ်ပြုထားတဲ့ နှစ်နိုင်ငံနယ်စပ်ကို ခိုးဖြတ်ခဲ့ကာ မြောက်ကိုရီးယားဘက်သို့ ထွက်ပြေးခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ဟာ လွန်ခဲ့တဲ့သုံးနှစ်က တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံသွားခဲ့တဲ့ မြောက်ကိုရီးယားတစ်ဦး ဖြစ်နေခဲ့ပါတယ်။ အဆိုပါ အမျိုးသားထံမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနိုင်ကြောင်း စိုးရိမ်ပူပန်ခဲ့ရာ ထိုဖြစ်ရပ်နောက်ပိုင်း မြောက်ကိုရီးယားက နှစ်နိုင်ငံနယ်စပ်မြို့ ကေဆောင်ကို lockdown လုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်တပ်ဖွဲ့ရဲ့ တောင်ကိုရီးယားဌာနချုပ် အကြီးအကဲ ရောဘတ်အေဘရမ်စ်က အစောပိုင်းမှာ ပြောကြားမှုအရ မြောက်ကိုရီးယားအာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ၎င်းတို့နိုင်ငံသို့ တရုတ်ဘက်မှ ဝင်ရောက်လာသူတွေကို ပစ်သတ်ရန် အမိန့်ပေးထားပြီး နယ်စပ်မှာ အထူးတပ်ဖွဲ့စစ်သားများက ပစ်သတ်ရန် အသင့်ရှိနေတဲ့ ကြားခံဇုန်တစ်ခု သတ်မှတ်ထားကြောင်း သိရပါတယ်။

(Photo: Jeon Heon-kyun/EPA)

မြောက်ကိုရီးယားဟာ အိမ်နီးချင်း တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ခဲ့ရပြီးနောက် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့သွားခဲ့ပေမဲ့ လက်ရှိအချိန်အထိ ၎င်းတို့နိုင်ငံအတွင်း ကူးစက်မှုတစ်ခုရှိကြောင်းကိုပင် အတည်ပြုထားခြင်း မရှိပါဘူး။ မြောက်ကိုရီးယားက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် တရုတ်နိုင်ငံနဲ့ နယ်စပ်ကို ဇန်နဝါရီလအတွင်း ပိတ်ပင်ခဲ့ပြီး ဇူလိုင်လမှာတော့ အရေးပေါ်အခြေအနေကို အမြင့်ဆုံးအဖြစ် တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း အစိုးရသတင်းဌာနက ပြောခဲ့ပါတယ်။

Source: Reuters, BBC

Share

Loading Next Article...
က္က