ကပ်ရောဂါကို ထိန်းချုပ်ရန် အတူပူးပေါင်းဆောင်ရွက်မှု မရှိပါက ထိုအရေအတွက်ထက်ပင် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

စမ်းသပ်မှုများအောင်မြင်ပြီး အတည်ပြုထားတဲ့ ကာကွယ်ဆေးတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်မီ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်ဟာ နှစ်ဆဖြစ်ပြီး ၂ သန်းရှိလာနိုင်ကြောင်းနဲ့ ကပ်ရောဂါကို ထိန်းချုပ်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်မှုမရှိပါက ထိုအရေအတွက်ထက်ပင် ပိုများနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၅ ရက်‌‌နေ့မှာ ပြောပါတယ်။

ကျွန်တော်တို့ အစွမ်းကုန်မလုပ်ရင် သေဆုံးမှု ၂ သန်းက တွေးထင်ကြည့်တာတင် မဟုတ်ဘဲ ဝမ်းနည်းဖွယ်ရာကောင်းစွာ အလွန်ဖြစ်နိုင်ပါတယ်


(Photo: Reuters)

"ကျွန်တော်တို့ အစွမ်းကုန်မလုပ်ရင် သေဆုံးမှု ၂ သန်းက တွေးထင်ကြည့်တာတင် မဟုတ်ဘဲ ဝမ်းနည်းဖွယ်ရာကောင်းစွာ အလွန်ဖြစ်နိုင်ပါတယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အရေးပေါ်အစီအစဥ်များဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်မှာ စတင်တွေ့ရှိခဲ့ရပြီး‌နောက် လက်ရှိအချိန်အထိ ၉ လခန့်အတွင်း COVID-19 ကြောင့် သေဆုံးသူ ၁ သန်းနီးပါးရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ပိတ်ပင်ကန့်သတ်ချက်တွေနဲ့ lockdown အစီအမံများ ဖြေလျှော့ပေးခဲ့ပြီးနောက် လူငယ်တွေက ကူးစက်ပျံ့နှံ့မှုဖြစ်စေကြောင်း စိုးရိမ်ပူပန်မှုတွေ ရှိနေပေမဲ့ လတ်တလော ကူးစက်မှုတွေ မြင့်တက်မှုအတွက် ၎င်းတို့ကို အပြစ်မဖို့သင့်ဘူးလို့လည်း မိုက်ရိုင်ယန်က ဆိုပါတယ်။

(Photo: Reuters)

"အားလုံးက လူငယ်တွေကြောင့်လို့ အပြစ်ပုံမချဖို့ ကျွန်တော် အမှန်တကယ် မျှော်လင့်ပါတယ်၊ လူငယ်တစ်ယောက် လိုအပ်တာက လူကြီးတစ်ယောက် လမ်းညွှန်မှုပါ" လို့ ၎င်းက ပြောပါတယ်။ လူငယ်တွေကြောင့်ဆိုခြင်းထက် အဆောက်အအုံအတွင်း စုရုံးကြတဲ့ အသက်အရွယ်မရွေး လူအားလုံးက ကူးစက်ပျံ့နှံ့မှုကို ဖြစ်နေစေခဲ့ကြောင်း ဒေါက်တာမိုက်ရိုင်ယန်က ထောက်ပြပါတယ်။

WHO က ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေးကို အလျင်အမြန်နဲ့ သာတူညီမျှရရှိရေး စီစဥ်ဆောင်ရွက်နေတဲ့ COVAX အစီအစဥ်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်နိုင်မှုကို ဆက်လက် ဆွေးနွေးညှိနှိုင်းနေကြောင်းလည်း Reuters သတင်းက ဖော်ပြပါတယ်။ WHO ရဲ့ COVAX အစီအစဥ်မှာ နိုင်ငံနဲ့ နယ်မြေ ၁၅၉ ခုက ပါဝင်ထားပြီးဖြစ်ကာ ၃၄ ခုခန့်က ဆုံးဖြတ်နေဆဲလို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ လက်ရှိအချိန်အထိ ၃၂.၇ သန်းကျော်၊ သေဆုံးသူ ၉၉၃,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၂၄.၁ သန်းကျော်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က