နှစ်နှစ်နိုင်ငံလုံးက အရပ်သားသေဆုံးမှုများရှိကြောင်း ပြောကြပါတယ်။
Ko John

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံတပ်ဖွဲ့များကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Nagorno-Karabakh နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဘက်စလုံးက အရပ်သားသေဆုံးမှုများရှိကြောင်း ပြောကြပါတယ်။

(Photo: Getty Images)

အာမေးနီးယားနိုင်ငံက ပြောကြားမှုအရ အဇာဘိုင်ဂျန်နိုင်ငံက လေကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ထိုသို့ပြောကြားပြီးနောက် အာမေးနီးယားက စစ်အုပ်ချုပ်‌ရေးကြေညာခဲ့ပြီး စစ်တပ်ကို အလုံးစုံ အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံဘက်ကလည်း အာမေးနီးယားကို အပြစ်ဖို့ခဲ့ပြီး နယ်စပ်ရှေ့တန်းနေရာမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို တုံ့ပြန်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ကာလရှည်ကြာ ပဋိပက္ခဖြစ်ပွားနေခဲ့မှုဟာ လတ်တလော လပိုင်းအတွင်း အရှိန်မြင့်လာခဲ့ပါတယ်။ တူရကီသမ္မတ အာဂိုဂန်က အဇာဘိုင်ဂျန်ကို ကူညီထောက်ပံ့မယ်လို့ ကတိပြုထားပြီး အာမေးနီးယားဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ပြောဆိုခဲ့ပါတယ်။ ထိုအတောအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်နိုင်ငံလုံးကို ချက်ချင်း အပစ်ခတ်ရပ်စဲရန်နဲ့ အခြေအနေတည်ငြိမ်မှုရှိရန် ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်းခဲ့ပါတယ်။

(Photo: Reuters)

အာမေးနီးယား ကာကွယ်ရေ‌ဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ Nagorno-Karabakh နယ်မြေရဲ့မြို့တော် Stepanakert အပါအဝင် အရပ်သားများ နေထိုင်ကြတဲ့နေရာတွေကို ယနေ့ (စက်တင်ဘာ ၂၇ ရက်) ဒေသစံတော်ချိန် မနက် ၈ နာရီ ၁၀ မိနစ်အချိန်မှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဥ်နှစ်စီးနဲ့ ဒရုန်းသုံးစီးကို ပစ်ချခဲ့ကြောင်းပြီး တင့်ကားသုံးစီးကိုလည်း ဖျက်ဆီးခဲ့ကြောင်း အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

"ကျွန်ုပ်တို့က တူညီစွာ တုံ့ပြန်သွားမှာဖြစ်ပြီး အဇာဘိုင်ဂျန်ရဲ့ စစ်တပ်-နိုင်ငံရေးခေါင်းဆောင်ပိုင်းဟာ အခြေအနေအတွက် အလုံးစုံ တာဝန်ရှိတယ်" လို့ အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ "ကျွန်ုပ်တို့ အလေးထားမြတ်နိုးတဲ့ အမိမြေကို ကာကွယ်ရန် အသင့်ပြင်ထားကြပါ" လို့ အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan ကလည်း ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံက ကြိုတင်စီစဥ်ပြီး ရန်စခြင်းဖြစ်ကြောင်း ၎င်းက အစောပိုင်းမှာ စွပ်စွဲထားခဲ့ပါတယ်။

(Photo: Reuters)

အဇာဘိုင်ဂျန်နိုင်ငံဘက်ကလည်း အာမေးနီးယားက စတင်တိုက်ခိုက်ခဲ့ကြောင်း အပြစ်ဖို့ပြောဆိုခဲ့ပါတယ်။ အာမေးနီးယားက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာတွေမှာ အရပ်သားများ သေဆုံးမှု သို့မဟုတ် ဒဏ်ရာရမှုတွေရှိခဲ့ပြီး အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

အာမေးနီးယား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ထိန်းချုပ်နှိမ်နင်းရန်နဲ့ အရပ်သားများ ဘေးကင်းလုံခြုံစေရန် မိမိတို့ရဲ့ တပ်ဖွဲ့များက နယ်စပ်တစ်လျှောက် တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံက ကြေညာခဲ့ပါတယ်။ အဇာဘိုင်ဂျန်ဘက်က ထုတ်ပြန်မှုအရ ရဟတ်ယာဥ်တစ်စီး ဆုံးရှုံးခဲ့ကြောင်း သို့သော် ရဟတ်ယာဥ်မှူးနဲ့အဖွဲ့ အသက်ရှင်ခဲ့ကြောင်း၊ အာမေးနီးယားရဲ့ လေကြောင်းကာကွယ်ရေးစနစ် ၁၂ ခုကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရပါတယ်။

(Photo: Al Jazeera)

အာမေးနီးယားဘက်က ပြောဆိုခဲ့တဲ့ အခြား ဆုံးရှုံးမှုတွေကိုတော့ အဇာဘိုင်ဂျန်က မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ပဋိပက္ခဖြစ်နေမှုကို Organisation for Security and Co-operation in Europe (OSCE) အဖွဲ့အစည်းက ပြေလည်မှုရရှိစေရန် ကာလရှည်ကြာ ကြိုးပမ်းဖျန်ဖြေနေခဲ့ပါတယ်။ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်တို့မှ သံတမန်တွေက OSCE Minsk Group ကို ဖွဲ့စည်းပြီး ၁၉၉၄ ခုနှစ်မှာ လက်မှတ်ရေထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ခိုင်မာစေရေး ကြိုးပမ်းနေခဲ့ကြပါတယ်။

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ နှစ်နိုင်ငံဟာ Nagorno-Karabakh နယ်မြေအ‌ရေး ဆယ်စုနှစ်လေးခုကြာ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုဖြစ်နေခဲ့ကြပါတယ်။ နိုင်ငံတကာက ထိုနယ်မြေကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယန်းလူမျိုးစုတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

(InfoMap: Al Jazeera)

ယခုနှစ် ဇူလိုင်လအတွင်း နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့စဥ်က လူ ၁၆ ဦး သေဆုံးခဲ့ပြီးနောက် အဇာဘိုင်ဂျန်နိုင်ငံမြို့တော် ဘာကူမြို့မှာ နှစ်ပေါင်းအတန်ကြာအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲပေါ်ပေါက်ခဲ့ကာ စစ်တပ်ကို အလုံးစုံ အသင့်ပြင်ဆင်စေလွှတ်ပြီး Nagorno-Karabakh နယ်မြေကို ပြန်လည်သိမ်းယူရန် တောင်းဆိုခဲ့ကြပါတယ်။ 

Nagorno-Karabakh နယ်မြေဆိုင်ရာ အချက်အလက်များ

  • ဧရိယာအကျယ်အဝန်း ၁,၇၀၀ စတုရန်းမိုင်ရှိတဲ့ တောင်တန်းနယ်မြေတစ်ခု ဖြစ်ပါတယ်
  • အစဥ်အလာအရ အာမေးနီးယန်း ခရစ်ယာန်တွေနဲ့ တာ့ခ်စ် (Turks) မွတ်စလင်မ်များ နေထိုင်ကြပါတယ်
  • ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်
  • နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ လူဦးရေအများစုက အာမေးနီးယန်းလူမျိုးစုတွေ ဖြစ်ကြပါတယ်
  • အာမေးနီးယားဘက်မှ အပါအဝင် ထိုနယ်မြေမှာ ၎င်းတို့ကိုယ်တိုင် အာဏာရှိသူများအဖြစ် ကြေညာထားသူတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုထားပါဘူး
  • ၁၉၈၈-၉၄ ခုနှစ် နှစ်နိုင်ငံစစ်ပွဲကြောင့် ခန့်မှန်းခြေ လူဦးရေတစ်သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်
  • ၁၉၈၈-၉၄ ခုနှစ် စစ်ပွဲကာလအတွင်း ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက အဇာဘိုင်ဂျန်အတွင်း နောက်ထပ် ပိုင်နက်နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပါတယ်
  • ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ပွဲဟာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်
  • တူရကီနိုင်ငံက အဇာဘိုင်ဂျန်ကို အတိအလင်း အားပေးထောက်ခံထားပါတယ်
  • ရုရှားနိုင်ငံက အာမေးနီးယားမှာ စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်

Source: Sky News, BBC, Al Jazeera


Author


က္က