၉ လနီးပါးအတွင်း လူဦးရေ ၃၃ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ကာ လူ ၁ သန်းကျော် သေဆုံးခဲ့ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူဦးရေဟာ စက်တင်ဘာ ၂၇ ရက် ညပိုင်းမှာ ၁ သန်းကျော်လွန်ခဲ့ကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။

(Photo: Reuters)

COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီးနောက် လက်ရှိအချိန်အထိ ၉ လနီးပါးအတွင်း ကမ္ဘာ့လူဦးရေ ၃၃ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ကာ လူ ၁ သန်းကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ကပ်ရောဂါက ကမ္ဘာတစ်ဝန်း စီးပွားရေးပျက်စီးစေခြင်း၊ ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်စေခြင်း၊ အိန္ဒိယဆင်းရဲသားရပ်ကွက်များနဲ့ ဘရာဇီးတောနက်ထဲမှ အမေရိကန်ရဲ့ အကြီးဆုံးမြို့ နယူးယော့ခ်အထိတိုင် ဘဝများစွာကို ကမောက်ကမ အခြေအနေ ဖြစ်စေခဲ့ပါတယ်။



ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရေး ဧပြီလအထိ ကမ္ဘာ့လူဦးရေ ၄ ဘီလီယံကို lockdown လုပ်ထားခဲ့ရာ ကူးစက်မှုများ နှေးကွေးသွားခဲ့ပါတယ်။ သို့သော် lockdown အစီအမံများ ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာပြန်ပါတယ်။ စက်တင်ဘာ ၂၇ ရက် ညပိုင်း (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၈ ရက် မနက်အစောပိုင်း) မှာတော့ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁,၀၀၀,၀၀၉ ဦးနဲ့ ကူးစက်ခံရသူ ၃၃,၀၁၈,၈၇၇ ဦးရှိလာကြောင်း အစိုးရတွေက ထုတ်ပြန်ထားတဲ့ရင်းမြစ်တွေကို အသုံးပြုထားတဲ့ AFP စာရင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

အမေရိကန်ဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၂၀၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်ရဲ့နောက်မှာတော့ ဘရာဇီး၊ အိန္ဒိယ၊ မက္ကစီကိုနဲ့ ဗြိတိန်တို့က သေဆုံးမှုအများဆုံး နိုင်ငံတွေဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆၆၃,၈၉၈ ဦးနဲ့ သေဆုံးသူ ၁၆,၂၁၄ ဦး ရှိခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားက သေဆုံးမှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၀,၃၈၆ ဦးရှိခဲ့ပါတယ်။

အင်ဒိုနီးရှားပြီးလျှင် ဖိလစ်ပိုင်က သေဆုံးသူ ၅,၃၄၄ ဦး၊ မြန်မာက ၂၂၆ ဦးဖြင့် အရှေ့တောင်အာရှဒေသတွင်း သေဆုံးမှုအများဆုံး နိုင်ငံသုံးခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၀,၇၃၄ ဦး၊ သေဆုံးသူ ၂၂၆ ဦးနဲ့ ပြန်လည်သက်သာပြီး ဆေးရုံဆင်ခွင့်ရသူ ၂,၈၆၂ ဦးရှိခဲ့ပါတယ်။ ဝန်ကြီးဌာနရဲ့ တရားဝင်စာရင်းတွေအရ စက်တင်တာ ၂၇ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၇,၆၄၆ ဦး ကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က