မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် မြေပြိုမှုတွေ တစ်ချိန်တည်းနီးပါး ဖြစ်ပွားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တစ်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၈ ရက်) မနက်အစောပိုင်းက မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အသက် ၁၀ လအရွယ် အမြွှာကလေးငယ်နှစ်ဦး အပါအဝင် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေး အရာရှိတစ်ဦးက ပြောပါတယ်။

(Photo: AFP)

နာရီနဲ့ချီကြာတဲ့ မိုးရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုအပြီးမှာ ဘော်နီယိုကျွန်းပေါ်ရှိ တာရာကန်မြို့ (Tarakan) ပတ်ဝန်းကျင်ရှိ နေရာလေးခုမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ နေအိမ်များ မြေအောက်နစ်မြုပ်သွားခဲ့ပါတယ်။ မြေပြိုမှုများအတွင်း သေဆုံးခဲ့သူတွေအနက် ကလေးငယ်လေးဦး ပါဝင်ခဲ့ပြီး အခြား လူလေးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။



"မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် နေရာအချို့မှာ မြေပြိုမှုတွေ တစ်ချိန်တည်းနီးပါး ဖြစ်ပွားခဲ့ပြီး လူအချို့ကတော့ မလွတ်မြောက်နိုင်ခဲ့ကြဘူး" လို့ ဒေသခံ ရှာဖွေ‌‌ရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Amiruddin က AFP သတင်းဌာနကို ပြောပါတယ်။ "သေဆုံးသူတွေရဲ့ အလောင်းတွေကို ပြန်ဖော်ယူတော့ အသက် ၁၀ လသား ကလေးနှစ်ယောက်နဲ့ သူတို့အဖေရဲ့ အလောင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်" လို့ ၎င်းကဆိုပါတယ်။

(Map: Google)

မြေပြိုမှုတွေကြောင့် တာရာကန်မြို့တစ်လျှောက် နေအိမ် ၁၉ လုံးထက်မနည်း ပျက်စီးသွားခဲ့ပါတယ်။ လူသေဆုံးမှုတွေ ဖြစ်လေ့ရှိတဲ့ မြေပြိုမှုနဲ့ ရုတ်တရက် ရေကြီးမှုတွေဟာ အင်ဒိုနီးရှားကျွန်းဆွယ်တစ်လျှောက်မှာ အလွန်ဖြစ်လေ့ရှိပါတယ်။ အင်ဒိုနီးရှားကျွန်းဆွယ်မှာ ရာသီအလျောက် ရုတ်တရက် မိုးသည်းထန်မှုတွေ မကြာခဏနဲ့ အပြင်းအထန် ဖြစ်ပေါ်လေ့ရှိကြောင်း AFPသတင်းက ဖော်ပြပါတယ်။

ဇူလိုင်လအတွင်းကလည်း တောင်ပိုင်းဆူလာဝေစီပြည်နယ်မှာ ရုတ်တရက် ရေကြီးပြီး မြေပြိုမှုတွေကြောင့် လူဦးရေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ခန့်မှန်းထားမှုအရ နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ ၁၂၅ သန်းဟာ မြေပြိုမှုအန္တရာယ်ရှိတဲ့ နေရာတွေမှာ‌ နေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က