မြောက်ကိုရီးယားသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း ကနဦး‌ ပြောကြားမှုကို အကိုဖြစ်သူက ငြင်းဆိုထားခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်တပ်က ပစ်သတ်လိုက်ပြီး ပျောက်ဆုံးနေတဲ့ တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိဟာ မြောက်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံရန် ဆန္ဒရှိခဲ့ကြောင်း တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ ငါးလုပ်ငန်းအရာရှိက မြောက်ကိုရီးယားဘက်ကို သွားချင်တယ်လို့ ပြောထားခဲ့တယ်


(Photo: AFP)

ငါးလုပ်ငန်းအရာရှိဟာ မြောက်ကိုရီးယားသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း တောင်ကိုရီးယားအစိုးရရဲ့ ကနဦး‌ ပြောကြားမှုကို အကိုဖြစ်သူက ငြင်းဆိုထားခဲ့ရာ ၎င်းသေဆုံးမှုဟာ အငြင်းပွားစရာများ ဖြစ်နေခဲ့ပါတယ်။ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က CCTV မှတ်တမ်း၊ စစ်တပ်ထောက်လှမ်းရေး၊ ထိုအရာရှိက မြောက်ကိုရီးယားစစ်သားများထံ ဘက်ပြောင်းခိုလှုံလိုကြောင်း ပြောကြားခဲ့မှု နောက်ခံမှတ်တမ်းများနဲ့ ၎င်းရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေ မြောက်ကိုရီးယားစစ်သားတွေက သိရှိထားမှုတို့ကို အခြေခံတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအပြီးမှာ ကမ်းခြေစောင့်တပ်ဖွဲ့က ထိုသို့ ကောက်ချက်ချကြောင်း သိရပါတယ်။

(Photo: Jeon Heon-kyun/EPA)

"သူ့ရဲ့ အမည်၊ အသက်၊ မွေးရပ်မြို့နဲ့ အရပ်အမြင့် အပါအဝင် သူသာ သိနိုင်တဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ မြောက်ကိုရီးယားက သိရှိထားတယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုပါတယ်၊ ပြီးတော့ ပျောက်ဆုံးသွားတဲ့ ငါးလုပ်ငန်းအရာရှိက မြောက်ကိုရီးယားဘက်ကို သွားချင်တယ်လို့ ပြောထားခဲ့တယ်" လို့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးနဲ့ ထောက်လှမ်းရေး အကြီးအကဲ Yoon Sung-hyun က ပြောပါတယ်။

ထိုအရာရှိ ပျောက်ဆုံးသွားတဲ့ နေရာမှ ၂၄ မိုင်ခန့်အကွာမှာ ဘောကွင်းတစ်ခုကို တွေ့ရှိရပြီး ၎င်းဟာ အသက်ကယ်အင်္ကျီဝတ်ဆင်ထားခဲ့တာကြောင့် ကိုယ့်ကိုယ့်ကိုယ် သတ်သေရန်ကြိုးပမ်းခဲ့ကြောင်း ဖြစ်နိုင်ခြေ အလွန်နည်းတယ်လို့လည်း Yoon က ဆိုပါတယ်။ မြောက်ကိုရီးယားစစ်တပ်က အသတ်ခံရတဲ့ ငါးလုပ်ငန်းအရာရှိရဲ့ အကိုဖြစ်သူ Lee Rae-jin ကတော့ ၎င်းရဲ့ညီဟာ ရေယာဥ်အသစ်တစ်စီး ရရှိခဲ့တာ မကြာသေးဘဲ ဘက်ပြောင်းခိုလှုံရန် အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

(ငါးလုပ်ငန်းအရာရှိရဲ့အကို Lee Rae-jin) (Photo: Yonhap)

ကမ်းခြေစောင့်တပ်ဖွဲ့မှ Yoon Sung-hyun ရဲ့ ပြောကြားမှုအရ ငါးလုပ်ငန်းအရာရှိဟာ အကြွေး ဝမ်ငွေ ၅၈ သန်း (အမေရိကန်ဒေါ်လာ ၄၉,၆၀၀) ပေးဆပ်ရန်ရှိနေခဲ့ကြောင်းနဲ့ ထိုအကြွေးကိစ္စကြောင့် ထွက်ပြေးခြင်းဟုတ် မဟုတ်ကိုတော့ အတိအကျ မသိရဘူးလို့လည်း ဆိုပါတယ်။ အစောပိုင်းသတင်းတွေအရ မြောက်ကိုရီးယားစစ်တပ်က ၎င်းကို ပစ်သတ်ခဲ့ပြီး အလောင်းကို မီးရှို့ခဲ့ကြောင်း တောင်ကိုရီးယားဘက်က ကောက်ချက်ချထားပြီး ပူးတွဲစုံစမ်းစစ်ဆေးရန် တောင်းဆိုထားခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

သူသာ သိနိုင်တဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ မြောက်ကိုရီးယားက သိရှိထားတယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုပါတယ်

(Photo: Inter-Korean Summit Press Corps/Pool)

မြောက်ကိုရီးယားကတော့ ပူးတွဲစုံစမ်းစစ်ဆေးမှုကိစ္စကို မတုံ့ပြန်သေးဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအန္တရာယ် ထိန်းချုပ်ကာကွယ်ရေး စီမံဆောင်ရွက်ချက်အရ တောင်ကိုရီးယား ငါးလုပ်ငန်းအရာရှိကို ပစ်သတ်ခဲ့ကြောင်းနဲ့ ၎င်းအသုံးပြုတဲ့ ဘောကွင်းကိုသာ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အလောင်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်း မရှိကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။

ထို့နောက်မှာတော့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရေတပ်က ငါးလုပ်ငန်းအရာရှိရဲ့ အလောင်းကို ဒါဇင်နဲ့ချီတဲ့ သင်္ဘောများဖြင့် ရှာဖွေ‌‌ရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်နေခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တောင်ကိုရီးယားဘက်ကို ရှားရှားပါးပါး တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က