အသရေဖျက်မှု ဥပဒေများအရ အပန်းဖြေစခန်း ဟိုတယ်တစ်ခုက တရားစွဲဆိုခဲ့ပါတယ်။
Ko John

တည်းခိုနေထိုင်ခဲ့တဲ့ ဟိုတယ်ကို မကောင်းကြောင်း အွန်လိုင်းမှာ ဝေဖန်ရေးသားခဲ့သူ အမေရိကန်အမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံမှာ ထောင်ဒဏ် ၂ နှစ် ကျခံရနိုင်တဲ့ အခြေအနေ ကြုံနေရကြောင်း သိရပါတယ်။


(Photo: NY Post/Shutterstock)

ထိုအမျိုးသားကို ထိုင်းနိုင်ငံရဲ့ တင်းကျပ်ပြင်းထန်တဲ့ အသရေဖျက်မှု ဥပဒေများအရ အပန်းဖြေစခန်း ဟိုတယ်တစ်ခုက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူ ဝက်စလေဘားနက်စ် အမည်ရှိ အမေရိကန်အမျိုးသားဟာ ၎င်းတည်းခိုနေထိုင်ခဲ့တဲ့ အပန်းဖြေစခန်းနေရာဟာ ခေတ်သစ်ကျွန်ပြု နေရာတစ်ခုအဖြစ် အွန်လိုင်းမှာ စွပ်စွဲရေးသားထားခဲ့တယ်လို့ ဆိုပါတယ်။

ဘားနက်စ် ‌ဝေဖန်ရေးသားခဲ့တဲ့ Sea View Koh Chang Resort အပန်းဖြေစခန်း ဟိုတယ်ကတော့ ထိုသို့ ကြမ်းတမ်းပြင်းထန်စွာ ဝေဖန်ရေးသားမှုဟာ မမှန်ကန်ကြောင်းနဲ့ ဟိုတယ်ရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်စေကြောင်း ပြောခဲ့ပါတယ်။ "ပိုင်ရှင်က တရားပြိုင်ဟာ သူ့ရဲ့ဟိုတယ်နဲ့ပတ်သက်ပြီး မမျှတတဲ့ ဝေဖန်သုံးသပ်မှုတွေကို TripAdvisor ဝက်ဘ်ဆိုက်မှာ ရေးသားလွှင့်တင်ခဲ့တယ်လို့ အမှုဖွင့်ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Sea View Koh Chang)

ယခုနှစ်အစောပိုင်းက Koh Chang ကျွန်းပေါ်ရှိ ဟိုတယ်မှာ ဘားနက်စ် လာရောက်တည်းခိုခဲ့စဥ် စားသောက်ဆိုင်ကို ၎င်းရဲ့အရက်ပုလင်းကို ယူဆောင်လာချင်ခဲ့ရာမှ အငြင်းအခုံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟိုတယ်ရဲ့ ထုတ်ပြန်ချက်အရ ဘားနက်စ်က ဆူပူသောင်းကျန်းခဲ့ကြောင်းနဲ့ ၎င်းယူဆောင်လာတဲ့ အရက်ပုလင်းအတွက် ဟိုတယ်စားသောက်ဆိုင်က ကောက်ခံငွေကို ပေးချေရန်ငြင်းဆန်ခဲ့ရာ နောက်ဆုံးမှာ သက်ဆိုင်ရာ မန်နေဂျာ‌က ကြားဝင်ဖျန်ဖြေပြီး အရက်ပုလင်းအတွက် ကောက်ခံငွေကို လျှော့ပေါ့ပေးခဲ့ကြောင်း သိရပါတယ်။

ဟိုတယ်မှပြန်သွားပြီးချိန်မှာ ဘားနက်စ်က ဟိုတယ်နဲ့ပတ်သက်ပြီး မကောင်းကြောင်းများ အွန်လိုင်းမှာ ‌‌‌ဝေဖန်ရေးသားခဲ့ပြီးနောက် ဟိုတယ်ဘက်က ၎င်းကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် ဘားနက်စ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အချုပ်ထောင်မှာ ရက်အနည်းငယ်ကြာ ထားရှိခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးထားခဲ့ပါတယ်။

(Image: Sea View Koh Chang)

တရားရုံး ကြားနာစစ်ဆေးမှုတွေအရ ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့ပါက ဘားနက်စ်ဟာ ထိုင်းနိုင်ငံရဲ့ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ အသရေဖျက်မှု ဥပဒေများအရ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ဘားနက်စ်ကတော့ ထိုသို့ မကောင်းကြောင်း ဝေဖန်သုံးသပ်ချက်မျိုးဟာ TripAdvisor ရဲ့ လမ်းညွှန်သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြလိမ့်မှာမဟုတ်ဘူးလို့ ထင်ခဲ့မိကြောင်း BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

ဘားနက်စ်ဟာ တရားစွဲခံရပြီးနောက် အလုပ်ပြုတ်သွားခဲ့ပြီး ၎င်းရဲ့အမှုကို လူအများ အာရုံစိုက်ခံပါက နောက်ထပ် အလုပ်ရှာရန် ခက်ခဲလိမ့်မယ်လို့လည်း ဆိုပါတယ်။ တရားစွဲခံရပြီးနောက် အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံရတဲ့ ရက်အနည်းငယ်မှာ အလွန်ကြောက်လန့်စရာဖြစ်ပြီး ထောင်ကျမှာကို ကြောက်ရွံ့မိကာ ဟိုတယ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိုင်းပြီး အမှုကိစ္စကို ဖြေရှင်းရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ဘားနက်စ်က ဖွင့်ဟခဲ့ပါတယ်။ ၎င်းရဲ့ နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ လာမယ့် အောက်တိုဘာလ အစောပိုင်းမှာ သတ်မှတ်ထားကြောင်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က