အများစုဟာ ပင်ပန်းနွမ်းနယ်မှု ခံစားကြရတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံက ပဏာမ လေ့လာမှုတစ်ခုအရ COVID-19 ကနေ ပြန်လည်သက်သာလာသူ ၁၀ ဦးမှာ ၉ ဦးဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ ရောဂါဖြစ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေနဲ့ အနံ့အရသာ ပျောက်ဆုံးခြင်းကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများ တွေ့ကြုံခံစားရတယ်လို့ ဆိုပါတယ်။

(Photo: AFP)

ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ ၃၃ သန်းကျော်နဲ့ သေဆုံးသူ ၁ သန်းကျော်ရှိလာခဲ့စဥ် တောင်ကိုရီးယားရဲ့ လေ့လာမှုရလဒ် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ COVID-19 ကြောင့် စီးပွားရေးထိခိုက်ပျက်စီးစေခဲ့ပြီး ကျန်းမာရေးစနစ်တွေ မနိုင်မနင်းဖြစ်စေကာ လူတွေရဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခဲ့ပါတယ်။



COVID-19 ကနေ ပြန်လည်သက်သာလာတဲ့ လူနာ ၉၆၅ ဦးကို အွန်လိုင်းမှတစ်ဆင့် မေးမြန်းလေ့လာမှုတစ်ခုအရ ၈၇၉ ဦး သို့မဟုတ် ၉၁.၁ ရာခိုင်နှုန်းက ရောဂါမှပြန်သက်သာလာပြီးနောက်ပိုင်း အနည်းဆုံး ဘေးထွက်ဆိုးကျိုးတစ်ခု ခံစားကြရတယ်လို့ ဖြေကြားခဲ့ကြကြောင်း Korea Disease Control and Prevention Agency (KDCA) မှ တာဝန်ရှိသူ Kwon Jun-wook က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

(Photo: Reuters)

လေ့လာမှုပြုခဲ့တဲ့ COVID-19 ကနေ ပြန်လည်သက်သာလာသူတွေအနက် အများစုအဖြစ် ၂၆.၂ ရာခိုင်နှုန်းဟာ ပင်ပန်းနွမ်းနယ်မှု ခံစားကြရပြီး ၂၄.၆ ရာခိုင်နှုန်းကတော့ အာရုံစိုက်ရန် ခက်ခဲမှုကြုံရတယ်လို့ KDCA မှ တာဝန်ရှိသူ Kwon က ပြောခဲ့ပါတယ်။ အခြား ဆိုးကျိုးတွေဖြစ်တဲ့ ရောဂါဖြစ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများနဲ့ အနံ့အရသာ ပျောက်ဆုံးခြင်းတို့လည်း ကြုံကြရတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာ COVID-19 ကနေ ပြန်လည်သက်သာလာသူ ၅,၇၆၂ ဦးထံမှ မှတ်ချက်တွေကို တောင်းခံခဲ့ရာ ၁၆.၇ ရာခိုင်နှုန်းက လေ့လာဆန်းစစ်မှု အစီအစဥ်မှာ ပါဝင်ခဲ့ကြတယ်လို့ Daegu မြို့ရှိ Kyungpook National University School of Medicine မှ ပြည်တွင်းဆေးပညာ ပါမောက္ခ Kwon က ပြောပါတယ်။ အွန်လိုင်းမှတစ်ဆင့် သုတေသနပြု လေ့လာဆန်းစစ်မှုဟာ ယခုအခါ ပြီးဆုံးပြီဖြစ်ကြောင်းနဲ့ ဦးဆောင်ပြုလုပ်ခဲ့တဲ့ သုတေသီ ကင်မ်က လေ့လာဆန်းစစ်ချက် အပြည့်အစုံကို မကြာမီ ထုတ်ပြန်သွားမယ်လို့ Kwon က ဆိုပါတယ်။

(Photo: MediaCorp/CNA)

တောင်ကိုရီးယားက COVID-19 ကြောင့် နောက်ဆက်တွဲ ရောဂါများဖြစ်ပွားနိုင်ခြေနဲ့ ပတ်သက်ပြီး ပြန်လည်သက်သာလာတဲ့ လူနာတွေကို စီတီစကင် (CT scan) ဖတ်ခြင်းပါဝင်တဲ့ အသေးစိတ်ဆန်းစစ်မှုဖြင့် သီးခြားလေ့လာမှုတစ်ရပ်ကိုလည်း ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ၁၆ ခုခန့်နဲ့အတူ လာမယ်နှစ်မှာ လုပ်ဆောင်မယ်လို့ Kwon က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားမှာ တနင်္လာနေ့ (စက်တင်ဘာ ၂၈ ရက်) ညသန်းခေါင်အချိန် ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၃၈ ဦး တိုးလာခဲ့ပြီး ငါးရက်ဆက်တိုက် ဂဏန်းနှစ်လုံး အရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၃,၆၉၉ ဦး၊ သေဆုံးသူ ၄၀၇ နဲ့ ပြန်လည်သက်သာသူ ၂၁,၄၇၀ ဦးရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က