လေယိုစိမ့်ဆုံးရှုံးမှုဟာ မျှော်မှန်းတွက်ချက်ထားထက် ပိုမိုကျော်လွန်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) ရဲ့ အခန်းထဲမှာ လေယိုစိမ့်မှုတစ်ခု တွေ့ရှိရကြောင်း ရုရှားနိုင်ငံက စက်တင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

(Photo: @Astro_SEAL/Twitter)

ISS မှာ ယခု စစ်ဆေးတွေ့ရှိရတဲ့ လေယိုစိမ့်ဆုံးရှုံးမှုဟာ မျှော်မှန်းတွက်ချက်ထားထက် ပိုမိုကျော်လွန်ကြောင်း အကြီးတန်း အာကာသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ လက်ရှိ ISS ပေါ်မှာရှိနေကြတဲ့ ရုရှားအာကာသယာဥ်မှူးတွေဖြစ်ကြတဲ့ Anatoly Ivanishin နဲ့ Ivan Vagner၊ အမေရိကန် NASA အာကာသယာဥ်မှူး Christopher Cassidy တို့က လေယိုစိမ့်မှုကို ဩဂုတ်လကတည်းက ရှာဖွေနေခဲ့ကြပြီး အမေရိကန် အစိတ်အပိုင်းကို ပထမဆုံး စစ်ဆေးခဲ့ကြပါတယ်။



ဒီလို လေယိုစိမ့်မှုတွေက ကြိုတင်ခန့်မှန်းထားတာပါ၊ အခုဖြစ်နေတာက ပုံမှန်ယိုစိမ့်မှုထက် ပိုများနေပါတယ်

ရုရှားအာကာသအေဂျင်စီ Roscosmos က ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောကြားထားမှုအရ လေယိုစိမ့်မှုကို စိစစ်လေ့လာခဲ့ပြီး ရှာဖွေခဲ့ရာ သိပ္ပံဆိုင်ရာပစ္စည်းကိရိယာများရှိတဲ့ Zvezda (star) လုပ်ငန်းအပိုင်းထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ယခုအခါ လေယိုစိမ့်တဲ့နေရာကို အတိအကျသိရှိနိုင်ရန် ရှာဖွေနေကြောင်းနဲ့ အခြေအနေဟာ အာကာသယာဥ်မှူးတွေအတွက် အသက်ရှင်သန်မှုနဲ့ ကျန်းမာရေးအတွက် အန္တရာယ်မရှိဘဲ ISS မှာ လူလိုက်ပါတဲ့ပျံသန်းမှု ဆက်လက် လုပ်ဆောင်နိုင်ကြောင်း ရုရှားအာကာသအေဂျင်စီက ပြောခဲ့ပါတယ်။

(Photo: Reuters)

"ဒါက မဝေးတဲ့ အနာဂတ်ကာလမှာ အလွန်အ‌ရေးပါတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဒီလို လေယိုစိမ့်မှုတွေက ကြိုတင်ခန့်မှန်းထားတာပါ၊ အခုဖြစ်နေတာက ပုံမှန်ယိုစိမ့်မှုထက် ပိုများနေပြီး တစ်ကယ်လို့ လေယိုစိမ့်တာက အချိန်ကြာရှည်နေမယ်ဆိုရင် ISS ဆီကို နောက်ထပ် လေအထောက်အပံ့ပေးဖို့ လိုအပ်လာမှာပါ" လို့ ရုရှားရဲ့ လူလိုက်ပါတဲ့ အာကာသအစီအစဥ်များဆိုင်ရာ အမှုဆောင်ညွှန်ကြား‌ရေးမှူး Sergei Krikalyov က ရှင်းပြခဲ့ပါတယ်။

ISS မှာ လေသန့်စင်မှုစနစ်ကြောင့် လေယိုစိမ့်ဆုံးရှုံးမှု အနည်းငယ် အမြဲတမ်း ဖြစ်လေ့ရှိကြောင်း ၎င်းက ပြောပါတယ်။ ယခုအခါ အာကာသယာဥ်မှူးတွေ အနားယူနေကြောင်း၊သို့သော် ယနေ့ (စက်တင်ဘာ ၃၀ ရက်) မှာ လေယိုစိမ့်တဲ့ နေရာအတိအကျကို ရှာဖွပြီး ပြင်ဆင်မယ်လို့ မျှော်လင့်ထားကြောင်း Sergei Krikalyov က ပြောပါတယ်။

(Image: NASA)

ISS မှာ ရှာဖွေရမယ့်ဧရိယာ အတော်အတန် ကြီးမားကျယ်ပြန့်တာကြောင့် လေယိုစိမ့်တဲ့‌ နေရာအတိအကျကို တွေ့ရှိနိုင်ရန် မသေချာဘူးလို့လည်း ၎င်းကဆိုပါတယ်။ "ကျွန်တော်တို့ အချိန်ရှိပါတယ်၊ လေယိုစိမ့်တဲ့နေရာကတော့ သေချာပေါက်ရှိပါတယ်၊ ISS မှာ လေယိုစိမ့်တဲ့နေရာ ရှိနေတာက မကောင်းပါဘူး၊ ဒါပေမဲ့ အဲဒါက အလွန်အရေးပါတဲ့ သေရေးရှင်ရေးတော့ မဟုတ်ပါဘူး" လို့ Sergei Krikalyov က ပြောပါတယ်။

တစ်ကယ်လို့ လေယိုစိမ့်တာက အချိန်ကြာရှည်နေမယ်ဆိုရင် ISS ဆီကို နောက်ထပ် လေအထောက်အပံ့ပေးဖို့ လိုအပ်လာမှာပါ

အမေရိကန် NASA ရဲ့ အဆိုအရ လေယိုစိမ့်မှုနေရာဟာ တနင်္လာနေ့ (စက်တင်ဘာ ၂၈ ရက်) ညပိုင်းကနေ အင်္ဂါနေ့ (စက်တင်ဘာ ၂၉ ရက်) အတွင်း ပိုမိုကြီးမားလာပုံရပြီး အာကာယာဥ်မှူးတွေက ပျံသန်းမှုထိန်းချုပ်ခန်းကနေ သိရှိသွားခဲ့ပြီး ရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ အပူချိန်ပြောင်းလဲမှုက ယိုစိမ့်တဲ့နေရာဟာ ပိုကြီးလာစေတယ်လို့ ယူဆရကြောင်း၊ လေယိုစိမ့်သွားမှုနှုန်းမှာ မပြောင်းလဲကြောင်း အမေရိကန်အာကာသအေဂျင်စီက ပြောပါတယ်။

(Photo: Getty Images/iStockPhoto)

ယခင်က အာကာသယာဥ်မှူးတွေဟာ ISS ရဲ့ အမေရိကန်အပိုင်းမှာ လေယိုစိမ့်မှုနေရာကို အာထရာဆောင်း ရှာဖွေကိရိယာ (ultrasound detector) ဖြင့် ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။ ယခုဖြစ်ရပ်ဟာ ၂၀၁၈ ခုနှစ်မှာ အာကာသယာဥ်မှူးတွေက ISS နဲ့ ချိတ်ဆက်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ Soyuz အာကာသအခန်းရဲ့ နံရံမှာ အပေါက်တစ်ခု တွေ့ရှိခဲ့ရပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ထိုစဥ်က Soyuz အာကာသအခန်းရဲ့ နံရံမှာ အပေါက်ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို ယခုအချိန်အထိ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ISS မှာ အမှုထမ်းရန်အတွက် ရုရှားအာကာသယာဥ်မှူးတွေဖြစ်တဲ့ Sergei Ryzhikov နဲ့ Sergei Kud-Sverchkov၊ အမေရိကန် NASA အာကာသယာဥ်မှူး Kate Rubins တို့ဟာ ရုရှားရဲ့ Soyuz အာကာယာဥ်ဖြင့် လာမယ့် အောက်တိုဘာ ၁၄ ရက်မှာ အာကာခရီးစဥ် သွားရောက်ကြရန် စီစဥ်ထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က