ကူးစက်မှုတွေ နှေးကွေးလျော့ကျသွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးနေပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ စက်တင်ဘာ ၃၀ ရက် ညဥ့်နက်ပိုင်းမှာ ၃၄ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometers webpage screengrab)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၉ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၄ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁ သန်းကျော် (၁,၀၁၅,၄၅၄ ဦး) သေဆုံးခဲ့ပြီး ၂၅.၂ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ အစောပိုင်းက ၃၃ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ၉၉၈,၈၀၀ ကျော်မှ ၃ ရက်ကျော်အတွင်း ၁၆,၆၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: EPA)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၃ သန်းကျော်အနက် ၇.၇ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၇.၄၂ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၁၁,၂၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၆.၂ သန်း ကျော်နဲ့ သေဆုံးသူဦး ၉၈,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ အိန္ဒိယမှာ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေပေမဲ့ ယခင် ရက်များထက် ကူးစက်မှုအသစ် အရေအတွက် လျော့နည်းသွားခဲ့ပြီး အကျဘက်ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၄.၈ သန်းကျော်နဲ့ သေဆုံးသူ ၁၄၃,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ထိုအတောအတွင်း ဗြိတိန်၊ ပြင်သစ်၊ စပိန် အပါအဝင် ဥရောပဒေသမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။

ဗြိတိန်မှာ ကူးစက်မှုအသစ်တွေ လျင်မြန်စွာ တိုးလာနေခဲ့ပြီး အစိုးရက ထိန်းချုပ်ကာကွယ်ရေး စည်းမျဥ်းကန့်သတ်ချက်အသစ်များ ထုတ်ပြန်ထားပြီး ပြည်သူတွေကြား ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။ ဗြိတိန်မှာ စက်တင်ဘာ ၃၀ ရက်နေ့ စာရင်းတွေအရ ကူးစက်ခံရသူ နောက်ထပ် ၇,၁၀၈ ဦး တိုးလာခဲ့ရာ ကူးစက်မှုအသစ် ၇,၀၀၀ ကျော် နှစ်ရက်ဆက်တိုက် တွေ့ရှိရမှုလည်း ဖြစ်လာပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ဥရောပရှိ ချက်ရီပတ်ဘလစ်နိုင်ငံမှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပြီး လာမယ့် တနင်္လာနေ့ (အောက်တိုဘာ ၅ ရက်) မှာ စတင်သက်ရောက်မယ်လို့ သိရပါတယ်။ ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်း (World Health Organization - WHO) ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ယခုလအတွင်း သတိပေးထားခဲ့ပါတယ်။

COVID-19 ကူးစက်မှုတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

(Photo: Reuters)

လတ်တလော ရက်ပိုင်းအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေပါတယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်ခံရသူ ၃၁၁,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာတော့ ကူးစက်ခံရသူ ၂၈၇,၀၀၀ ကျော် တွေ့ရှိထားပြီး ဒေသတွင်း ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၀,၇၄၀ ဦးရှိခဲ့ပါတယ်။ ဖိလစ်ပိုင်က သေဆုံးသူ ၅,၅၀၄ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှမှ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ပြီး ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်ထားမှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၃,၃၇၃ ဦး၊ သေဆုံးသူ ၃၁၀ ဦးနဲ့ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃,၇၅၅ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က