အိန္ဒိယဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုအများဆုံး ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

အိန္ဒိယမှာ လနဲ့ချီကြာမြင့်တဲ့ lockdown အစီအမံများ သတ်မှတ်ထုတ်ပြန်ထားခဲ့ပြီးနောက် ကျောင်းများ၊ ရုပ်ရှင်ရုံများနဲ့ ရေကူးကန်များကို ပြန်ဖွင့်သွားတော့မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo: AFP)

အိန္ဒိယနိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုအများဆုံးနေရာ ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာရောက်နေကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပေမဲ့လည်း အစိုးရက ယခုကဲ့သို့ ပြန်ဖွင့်မယ့်အစီအစဥ်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၆.၃ သန်းကျော်ရှိပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန်ပြီးလျှင် ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။



အိန္ဒိယမှာ COVID-19 ကြောင့် သေဆုံးသူ ၉၈,၆၇၈ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။ ယနေ့ (အောက်တိုဘာ ၁ ရက်) ထုတ်ပြန်မှုအရ ကူးစက်ခံရသူ နောက်ထပ် ၈၆,၈၂၁ ဦးနဲ့ သေဆုံးသူ ၁,၁၈၁ ဦး တိုးလာခဲ့တာ ဖြစ်ပါတယ်။ နေ့စဥ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာများပြားစွာ တိုးလာနေဆဲဖြစ်ပေမဲ့ အိန္ဒိယအစိုးရက lockdown ကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးကို ပြန်လည်ကုစားရန် ပိတ်ပင်ကန့်သတ်မှုတွေကို တဖြည်းဖြည်း ဖြေလျှော့ပေးနေခဲ့ပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ မတ်လအတွင်းမှစပြီး တစ်နိုင်ငံလုံးကို lockdown လုပ်ခဲ့ရာ လူဦးရေ သန်းနဲ့ချီပြီး အထူးသဖြင့် ဆင်းရဲသားများ ၎င်းတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ အစိုးရက ပိတ်ပင်ကန့်သတ်ချက်တွေ ဖြေလျှော့ရုပ်သိမ်းနေခဲ့ရာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်နယ်အချို့မှာ အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသူကျောင်းသားတွေအတွက် စာသင်ကျောင်းများ ပြန်ဖွင့်ခဲ့ပါတယ်။ သို့သော် ပြည်ထဲရေးဝန်ကြီးဌာရဲ့ ယခု ထုတ်ပြန်ကြေညာမှုကတော့ တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးအတွက် အကျုံးဝင်ကြောင်း သိရပါတယ်။

ကျောင်းတွေနဲ့ သင်ကြား‌ရေးဌာနတွေ ပြန်ဖွင့်ရန်အတွက် ပြည်နယ်တွေနဲ့ နယ်မြေဒေသဆိုင်ရာ အစိုးရတွေကို အောက်တိုဘာ ၁၅ ရက်နောက်ပိုင်း ပြုလွယ်ပြင်လွယ်ရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်ရန် ခွင့်ပြုထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။ အွန်လိုင်းမှသင်ယူမှုကို အားပေးသွားမှာဖြစ်ပြီး ကျောင်းသူကျောင်းသားတွေကို ကျောင်းတက်ရန် အတင်းအကျပ် ဖိအားမပေးရန်လည်း ဝန်ကြီးဌာနက ဆိုပါတယ်။

(Photo: Rupak De Chowdhuri/Reuters)

အိန္ဒိယမှာ အဆင့်မြင့်ပညာသင်ကြားရေးတက္ကသိုလ်တွေကိုတော့ ဆက်လက် ပိတ်ထားမှာဖြစ်ပါတယ်။ သို့သော် ဘွဲ့လွန်နဲ့ သိပ္ပံနဲ့နည်းပညာ သုတေသနစာတမ်းပြုစုတဲ့ ကျောင်းသူကျောင်သားတွေကတော့ လက်တွေ့စမ်းသပ်ခန်းများသို့ ပြန်လာနိုင်မယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ကြိုက်နှစ်သက်တဲ့ အိန္ဒိယမှာ ရုပ်ရှင်ရုံတွေကိုလည်း ထိုင်ခုံအရေအတွက် ၅၀ ရာခိုင်နှုန်းဖြင့် ပြန်ဖွင့်ခွင့်ပြုမှာဖြစ်ပြီး ရေကူးကန်တွေကို အားကစားအတွက် ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက စီးပွားဖြစ်လေကြောင်းလိုင်းတွေကို ရပ်ဆိုင်းထားဆဲဖြစ်ပြီး နိုင်ငံသားများ ၎င်းတို့ရဲ့ ‌မူလနိုင်ငံသို့ပြန်ရန် ကန့်သတ်ဝန်ဆောင်မှုဖြင့် လုပ်ဆောင်ခွင့်ပြုထားပါတယ်။ အိန္ဒိယမှာ ရထားများ၊ မြေအောက်ရထားများ၊ ပြည်တွင်းလေကြောင်းခရီးစဥ်များ၊ ဈေးများနဲ့ စားသောက်ဆိုင်များကိုတော့ ကန့်သတ်ချက်အချို့ဖြင့် ပြန်လည် ဖွင့်ခွင့်ပြုထားခဲ့ပြီးဖြစ်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ 

Share

Loading Next Article...
က္က